တပ်ရင်းဂိတ်တစ်ခု မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်။
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့က စစ်ကောင်စီ၏ တပ်ဂိတ်ကို ခွပ်ဒေါင်းမင်းစစ်ဆင်ရေး အဖွင့် အနေဖြင့် မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏ ကွင်းကောက်ရှိ အမှတ် (၅) လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဇွန်လ ၂ ရက်နေ့၊ ည ၈ နာရီကျော် က မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဧရာနဂါးညီနောင်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၏သတင်း ထုတ် ပြန်ချက်အရ သိရသည်။
“တပ်နယ်ဘက်က ပေါက်ကွဲသံတွေ သေနတ်သံတွေလည်း ကြားတယ်။ သွားမကြည့်ရဲတော့ ဘာတွေဖြစ်ကြလဲ မသိဘူး” ဟု ကွင်းကောက်မြို့ခံ တစ်ဦးက ပြောသည်။
ထိုအပြင် ဇွန်လ ၂ ရက်နေ့၊ ည ၈ နာရီ ၁၃ မိနစ် အချိန်ကလည်း ပုသိမ်-မုံရွာလမ်း လှန်ထောင်ကွင်းကျေးရွာက Mytel ဖုန်းတာဝါတိုင်ကို ခြေမှုန်းတိုက်ခိုက်ရေး မိုင်းအကြီးစားနှစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဧရာနဂါး ညီနောင်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လှန်ထောင်ကွင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်တွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှုကြောင့် တာဝါတိုင် အောက်ခြေ ရှိ ဆက်သွယ်ရေး စက်များလုံးဝပျက်စီးကုန်သည် ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့်နီး စပ်သူ အချို့ထံမှ ပြော သည်။
စစ်ကောင်စီဂိတ်ကို ခြေမှုန်းတိုက်ခိုက်ရေး မိုင်းအကြီးစား နှစ်လုံးခွဲပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက် လာချိန်တွင် အဆင်သင့်ဆင်ထားသည့် မိုင်းအကြီးစား လေးလုံးထပ်မံခွဲပြီး တိုက်ခိုက်ခဲ့သည်ဟု ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်ဧရာနဂါး က ပြောသည်။
“သူတို့ ထိခိုက် ဒဏ်ရာရတဲ့ သူအများကြီးရှိနိုင်တယ်။ သူတို့ဘက်က ရမ်းသမ်းပစ်ခတ်တာလည်း ရှိတယ်။ ကျနော်တို့ကို ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။
ဗုံးပေါက်ကွဲခြင်း၊ ပစ်ခတ်မှုဖြစ်ပွားခြင်းတို့ ဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ ဒေသခံများ၏ ပြောပြချက်အရ အတည်ပြုနိုင်သော်လည်း စစ်ကောင်စီ တပ်ဖွဲ့၏ ထိခိုက်မှုအား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ စစ်ကောင်စီ၏ ကွင်းကောက် အမှတ် (၅) လေ့ကျင့်ရေးတပ်ရင်းသည် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ရင်း တစ်ရင်းဖြစ်သည်။