ဧရာဝတီ ရဲစခန်းအချို့ လုံခြုံရေး အဆင့်မြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်။
ဧရာဝတီတိုင်းအတွင်းရှိ ရဲစခန်းအချို့ ပတ်ပတ်လည်တွင် ဝါးချွန်များ သွပ်ဆူးကြိုးများဖြင့် စည်းရိုးကာခြင်း၊ ခံပစ်ကတုတ်များ အသစ်တူးခြင်း၊ အဝေးကြည့်ကင်းလင့်စင် တည်ဆောက်ခြင်းနှင့် CCTV များ တပ်ဆင်ခြင်း တို့ ကို ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုက စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းများနှင့် နယ်မြေ ရဲ စခန်းတို့တွင် လုံခြုံရေးတိုးမြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြော သည်။
“ရဲစခန်းတွေကို ရှေ့တန်း စစ်စခန်းတွေလို အခိုင်အမာလုပ်ထားတာ တွေ့ရတယ်။ အရင်က သဲအိတ်ကာပြီး ဘန် ကာ တစ်လုံးလောက်ပဲ ထားတာ” ဟု မအူပင်မြို့ခံတစ်ဦး က ပြောသည်။
သာပေါင်း၊ လေးမျက်နှာ၊ ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်၊ မဲဇလီကုန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံမြို့တို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းများနှင့် နယ်မြေရဲစခန်းတို့တွင် လုံခြုံရေးတိုးမြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ မြို့မရဲစခန်း နှင့် နယ်မြေရဲစခန်း အားလုံးကို စခန်းပတ်ပတ်လည်တွင် စည်းရိုး အပါအဝင် လုံခြုံရေးဆိုင်ရာ အစီအမံများ တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။ မေလနောက်ဆုံးအပတ်မှတွင် စတင်၍ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
လုံခြုံရေး အစီအမံများ တိုးမြှင့်ရာတွင် အင်အားနည်းသည့် ရဲကင်းစခန်းများမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား နယ်မြေ ရဲစခန်းများနှင့် မြို့မရဲစခန်းများတွင် ပူးပေါင်း နေထိုင်ရန်လည်း ညွှန်ကြားချက်တွင် ပါဝင်သည်ဟု သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဲဝန်ထမ်းတစ်ဦးက “ညွှန်ကြားချက် က မေလနောက်ဆုံး ပတ်ကတည်းက ထုတ်တာ။ မအူပင်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ပုသိမ်၊ ငပုတော ဆိုရင် မေလမကုန်ခင် ကတည်းက လုပ်ပြီး ပြီ” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း နယ်မြေရဲစခန်းတစ်ခုလျှင် ရဲတပ်သား အင်အား ၆၀ ကျော်အထက်ရှိပြီး ကင်းစခန်း တစ် ခုဆိုပါက ဒုရဲအုပ်တစ်ဦး အပါအဝင် အခြားအဆင့် ၆ ဦး တို့ဖြင့် ဖွဲ့စည်းတာဝန်ချလေ့ရှိသည်ဟု ရဲတပ်ဖွဲ့ အသိုင်း အဝိုင်းထံမှ သိရသည်။
ရက္ခိုင့်တပ်တော် (ULA/AA) နှင့် စစ်ကောင်စီတို့ စစ်ရေး၊ နိုင်ငံရေးတင်းမာလာပြီးနောက် မေလအတွင်း ဧရာဝတီ တိုင်းမှ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ကို ရခိုင်ဒေသရှိ စခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းများ လည်း ရှိသည်ဟုလည်း သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ မအူပင်၊ မြန်အောင်၊ ကွင်းကောက်၊ ဝါးခယ်မ၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း မြို့နယ် တို့တွင် ရဲစခန်း၊ စစ်တပ်ကင်းစခန်း၊ တပ်ဂိတ်နှင့် စစ်ဆေးရေးစခန်းတို့ကို PDF အဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခြင်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။