ကျူးရှင်းလင်းရေး အဖွဲ့ကို သေနတ်သမား တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်။
မန္တလေးတွင် ကျူးကျော်တဲရှင်းလင်းရေး အဖွဲ့ကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ရာ လူအချို့ ဒဏ်ရာ ရသွားသည်ဟု ဒေသခံများက ပြောသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက နေအိမ်များကိ ဖယ်ရှားရန် ရောက်ရှိလာသည့် စစ်ကောင်စီ တပ် သားများ၊ စည်ပင်ဝန်ထမ်းများအပါအဝင် ကျူးရှင်းလင်းရေးအဖွဲ့ကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု မြို့ခံများက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းက (ဂ)ရပ်ကွက်၊ ၁၁၈နှင့် ၇၁လမ်းအနီး၊ နေအိမ်များကို ဖယ်ရှားရန်ရောက်ရှိနေ သည့် ကျူးရှင်းလင်းရေးအဖွဲ့ကို ဇွန်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် သေနတ်သမားတစ်ဦးက လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။
“လူတစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး ပစ်လိုက်တာပဲ။ နောက်တော့ အပြန်အလှန် ပစ်ကြတော့တာ။ ဆိုင်ကယ်သမားက ထွက်ပြေးသွားတယ်။ နည်းနည်းတော့ ထိသွားကြတယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦး က ပြောသည်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားသုံး၍ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် လမ်းများကို ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ရာ (၁၁၅) လမ်းနှင့် (၇၃) စီလမ်း အနီးတွင် ကျည်ဆံနှင့် လက်ပစ်ဗုံးပါသည့် ဘေးလွယ်အိတ်နှင့် အသက် ၃၀ ကျော်ခန့်ရှိသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ဆက်ပြောသည်။
သေနတ်နှင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် ဖမ်းဆီးရမိသူသည် ပြည် ကြီးတံခွန်မြို့နယ် (ည) ရပ်ကွက်တွင် နေထိုင်သူ ကိုတိုးကြီး အသက် ၃၆ နှစ် ဖြစ်သည်ဟုလည်း အနီးအနားဝန်း ကျင်က မြို့ခံအချို့က ပြောသည်။
ဖမ်းဆီးခံရသူ ကိုတိုးကြီးသည် သေနတ်ဒဏ်ရာ နှစ်ချက် ရရှိထားသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရ သည်။
စစ်ကောင်စီတပ်က အာဏာသိမ်းယူပြီး နောက်ပိုင်း မြစ်ငယ်မြို့ အပါအဝင် မန္တလေးမြို့ပေါ်ရှိ ထောင်သောင်းချီ ရှိနေသည့် နေအိမ်များအား အကြောင်းအမျိုးမျိုးပြ၍ ကျူးကျော်အဖြစ် သတ်မှတ်ကာ လိုက်လံ ဖျက်ဆီး ရှင်း လင်းနေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။