မြိတ်တွင် အရပ်သား ရွာများကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ် မီးလောင်ပျက်စီးမှုအပြင် ရွာသားများလည်း ဘေး လွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ရွာသားများက ပြောသည်။
ဇွန်လ ၅ ရက်နေ့က ကျရောက်လာသည့် လက်နက်ကြီးကျည်ကြောင့် နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ပြောသည်။
အသက် ၅၀ အရွယ် ရွာသားတစ်ဦး က “လက်နက်ကြီးနဲ့ တဂျိမ်းဂျိမ်း မိနစ်နည်းနည်းစီ ခြားပြီးပစ်နေတာ။ ရွာထဲကို ပစ်ပေမယ့် ကမ်းစပ်နဲ့ရေထဲ ကျတာ လည်း ရှိတယ်။ အိမ်တစ်လုံးတော့ မီးလောင်သွားတယ်။ လူတွေ ထိခိုက်တာတော့ မကြားရဘူး” ဟု ပြောသည်။
လယ်သစ်ကျေးရွာ တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့က ချောင်းတဘက်ကမ်း မျက်နှာချင်းဆိုင်ရှိ လယ်သစ်အရှေ့ဘက်ကမ်းကျေးရွာကို ဇွန်လ ၅ ရက်နေ့၊ မွန်းလွဲ နှစ်နာရီဝန်းကျင် အချိန်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီကျော် အချိန်တွင် တစ်ကြိမ်၊ လက်နက်ကြီး များဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
နှစ်ကြိမ်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် အချက်ရေ ၂၀ နီးပါးခန့်အထိ ပစ်ခတ်ခဲ့သည်ဟု အသက် ၅၀ အရွယ် အမည်မဖော်လိုသူ ရွာသားက ဆက်ပြောသည်။
နယ်မြေရှင်းလင်းရန်အတွက် စစ်ကြောင်းထိုး ရောက်ရှိလာသည့် စစ်ကောင်တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်က ဇွန်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် လယ်သစ်ကျေးရွာ အနောက်ဘက်ကမ်းသို့ ရောက်ရှိလာပြီး စခန်းချခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များက စတင်ရမ်းသန်းပစ်ခတ်နေရာမှ ဒုတိယအကြိမ် လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ချိန် တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက အနည်းငယ်ပြန်လည် ပစ်ခတ်ခဲ့ခြင်းများလည်း ရှိခဲ့သည် ဟု ရွာသားများ က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ရွာသားအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေမှုများ ရှိနေသည်ဟု သိရသည်။
လက်ရှိတွင် အဖမ်းဆီးခံထားရသည့် ရွာသားအရေအတွက်ကိုမူ မသိရှိရသေးပေ။
ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဖမ်းဆီးစစ်ဆေးမှုများအတွက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြသည်ဟု ရွာသားများက ဆိုသည်။
ထို့ကြောင့် ရွာသားများက ကြောက်လန့်ပြီး ဘေးလွတ်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
ဖေဖေါ်ဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ လယ်သစ်ကျေး ရွာအနီးတွင် ၃ ကြိမ်ထက် မနည်းတိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
လယ်သစ်ကျေးရွာသည် ရေချောင်းခြားထားလျက် အရှေ့ကမ်းနှင့် အနောက်ကမ်း နှစ်ခြမ်းရှိနေပြီး စုစုပေါင်း အိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိကာ ရေလုပ်ငန်းနှင့် ဥယျဉ်ခြံမြေလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည်။