ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးဝန်ထမ်း ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

မွန်ပြည်နယ် မော်လမြုင်မြို့တွင် ဒလန်ဟုစွပ်စွဲခံထားရသူ WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရသည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် သံလွင်ဥယျာဥ်ဘေး လမ်းကြားတွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ် သည်။

”ဖြစ်တာက ညနေ ၆ နာရီလောက်မှာ လူကတော့ လမ်းပေါ်မှာ လဲကျနေတာ။ ရဲတွေ ရောက်လာတဲ့ချိန်က သေနေပြီ ကြည့်ရတာ။ ဆိုင်ကယ်စီးရင်း ပစ်ခံရတာ ဖြစ်မယ်။ သေချာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြော သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမင်းထွဋ်ဆိုသူသည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားသည် ဟုလည်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံအချို့က ပြောသည်။

ဦးမျိုးမင်းထွဋ်ကို ကျည် ၅ တောင့်ဖြင့် မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပစ်သတ်ခံရမှု ဖြစ်ပွားပြီးနောက် မော်လမြိုင်မြို့ နေရာအတော်များများတွင် စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ ဝင်များက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း မြို့ခံများက ဆိုသည်။

”ညပိုင်းအထိ လူသွားလူလာများတဲ့နေရာတွေ လမ်းတွေမှာ ရဲတွေ အုပ်လိုက်နဲ့ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ တယ်။ ယောက်ကျားလေးတွေဆို တစ်ကိုယ်လုံး ရှာတယ်” ဟု မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ဦးမျိုးမင်းထွဋ်သည် ဒလန်တစ်ဦးဖြစ်ပြီး မြေနီကုန်းအနီးတဝိုက်နှင့် မော်လမြိုင်မြို့တွင်း ဧည့်စာရင်း စစ်ဆေးရာ တွင် ဦးဆောင်ပါဝင်တတ်ပြီး CDM ဝန်ထမ်းမိသားစုများအား ခြိမ်းခြောက်အကြပ်ကိုင်နေသူ၊ သက်ငယ်မုဒိန်းမှု ကျူးလွန်သူ တစ်ဦးဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ဦးမျိုးမင်းထွဋ်သည် ၎င်းတို့၏ ဝန်ထမ်းဖြစ်ကြောင်း အတည် ပြု ပြောဆိုလိုက်ပြီး ယခုကဲ့သို့ WHO ဝန်ထမ်းတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်အပေါ် အလွန်ဝမ်းနည်းရ ကြောင်း၊ ကျူးလွန်သူများကို အရေးယူနိုင်ဖို့မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စား လှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးမှူးဖြစ်သူ Mr. Ramanathan Balakrishnan ကြေညာချက် ထုတ် ပြန်ပြောဆိုလိုက်သည်။

ယခုကဲ့သို့ အရပ်သားများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် သက် ဆိုင်ရာအစုအဖွဲ့အားလုံးအနေဖြင့် အရပ်သားများ၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးကြဖို့လည်း တောင်းဆိုထားသည်။

ဦးမျိုးမင်းထွဋ်သည် WHO မြန်မာပြည်ရုံးခွဲတွင် ၅ နှစ်နီးပါး ကားဒရိုင်ဘာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။