မြိတ်နှင့် ကော့သောင်းတွင် ဓါတ်ဆီ ဈေးတက်၊ ဝယ်ရခက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
တနင်္သာရီတိုင်း ဒေသကြီး မြိတ်နှင့် ကော့သောင်းမြို့များတွင် ဇွန်လ ၉ ရက် နံနက်ပိုင်းမှစတင်၍ ဆီဆိုင်ကြီးများ တွင် ဒေသခံများ အလုအယက်တန်းစီ ဝယ်ယူနေကြရကာ စျေးနှုန်းမှာလည်း အဆမတန် ကြီးမြင့်နေသဖြင့် အခက်အခဲများ ကြုံနေကြရသည်ဟု ကော့သောင်းမြို့ခံများ က ပြောသည်။
လက်ရှိတွင် ကော့သောင်းမြို့၌ ဆီဆိုင်ကြီးသုံးဆိုင်သာ ဖွင့်လှစ်ရောင်းချပေးနေသော်လည်း အကန့်အသတ်ဖြင့် ရောင်းပေးနေခြင်းကြောင့် ဒေသခံများ တန်းစီဝယ်ယူနေကြရသည်ဟု ရွှေစင်ယော်ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ရွှေစင်ယော်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီမောင်းနေသူ တစ်ဦးက “မနေ့က 92 တစ်လီ တာကို ၂၄၀၀ ကျပ်၊ 95 တစ်လီတာက ၂၅၀၀ စျေးပဲဝယ်ရတယ်၊ အခုလဲရောင်းပေးတဲ့ ဆိုင်ကြီးတွေမှာတော့ စျေးမတက်ဘူး။ ဆီဆိုင်ငယ်တွေ ပိတ်လိုက်ရတော့ လျှို့လျှို့ဝှက်ဝှက်နဲ့ ရေသန့်တစ်လီတာဘူး ကို ၅၀၀၀ ကျပ် အထိ စျေးတင်ရောင်းနေကြတယ်” ဟု ပြောသည်။
ကော့သောင်းမြို့တွင် ဇွန်လ ၈ ရက်နေ့က လိုင်စင်မဲ့ရောင်းချနေသည့် ဆီဆိုင်အချို့ ဖမ်းဆီးခံရပြီးနောက် ဆက် လက် အရေးယူမည်ဆိုသည့် သတင်းများကြောင့် ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကာ ဆီဆိုင်အများအပြား ရုတ် တရက် ပိတ်သိမ်းထားကြရသည် ဟု သိရသည်။
အလားတူ မြိတ်မြို့တွင်လည်း ဇွန်လ ၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ ဆီဆိုင်ငယ် အများအပြား ပိတ်သိမ်းလိုက်ကြသဖြင့် အများပိုင်ဆီဆိုင်၊ ပက်ထို၊ ဝမ်းစမိုး၊ ကျောက်စိမ်း အစရှိသည့် ဆီပန့်ဆိုင်ကြီးများ တွင် သာ ဝယ်ယူရသည်ဟု သိရသည်။ ဒေသခံအများအပြား တန်းစီဝယ်ယူနေကြရသည်ဟု ဆိုသည်။
“မနေ့ကထဲက ဆိုင်ကြီးတွေမှာ ပုံးတွေနဲ့ ဝယ်ယူတာ။ မပြောနဲ့ ရေသန့်ဘူးနဲ့တောင် ရောင်းပေးဘူး။ ဘာကြောင့် လဲဆိုတာမသိရဘူး။ မနက်စောစောက ဆိုင်ငယ်တွေမှာ ဝယ်လို့ ရနေသေးတာ” ဟု မြိတ်မြို့သစ်ရပ်တွင်နေ
ထိုင်သူတစ်ဦးက ပြောသည်။
ရောင်းချမှု ကန့်သတ်လိုက်ခြင်းကြောင့် မိသားစု စားဝတ်နေရေးအတွက် တပိုင်တနိုင် ပုလင်းချင်တွယ် ရောင်းချ နေသည့် ဆိုင်ငယ်လေးများ အလုပ်လက်မဲ့ဖြစ်သွားမည့်အပြင် ယခုကဲ့သို့ ကမောက်ကမ အခြေအနေများကြောင့် လည်း ဆီစျေးနှုန်း အဆမတန်ကြီးမြင့်သွားနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
မြိတ်မြို့တွင် ယခုကဲ့သို့ ဆီရောင်းချမှု ကန့်သတ်လိုက်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှလည်း အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ကြေငြာပေးခြင်းမျိုး တစ်စုံတစ်ရာ မရှိသေးကြောင်းဘူးဟု မြို့ခံများက ပြောသည်။
ထို့အပြင် ဆီရောင်းချမှု ကန့်သတ်လိုက်ခြင်းသည် ကော့သောင်းမြို့တွင် ယမန်နေ့က လိုင်စင်မဲ့ ဆိုင်ငယ်လေးများ ဖမ်းဆီးခံရသည့် အခြေအနေများနှင့်လည်း ဆက်နွယ်နေခြင်း ဖြစ်နိုင် မြိတ်မြို့ခံများ က ပြောဆိုသည်။