RCSS က စစ်ဆင်ရေးပြင်၊ စစ်ကောင်စီက SSPP တပ်စခန်းများ ဆုတ်ခွာရန် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

ပြိုင်ဖက်ဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီက ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP တပ်စခန်း ၃ ခုကို ဆုတ်ခွာရန် အမိန့်ပေးခဲ့ကြောင်းနှင့် ယင်းတပ်စခန်းများကို ဆုတ်ခွာမည်မဟုတ်ကြောင်း SSPP က ပြောသည်။

စစ်ကောင်စီက ဖယ်ရှားရန် ပြောဆိုထားသည့် တပ်စခန်းများကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေ ဖြင့်ဖယ်ရှားပေးမည်မဟုတ်ပဲ စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်လာပါက တုန့်ပြန်တိုက်ခိုက်သွားမည်ဟု SSPP/ SSA က ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်းက SSPP/SSA တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက် ဆုံးထား ဖယ်ရှားပေးရန် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ NSPC က ဇွန်လ ၄ ရက်နေ့က ပြောဆိုလာသည့်အပေါ် SSPP/SSA က တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီက ဖယ်ရှားရန် ပြောဆိုထားသည့် SSPP/SSA ၏ တပ်စခန်း ၃ ခုမှာ မိုင်းရှူးမြို့နယ် မြောက်ဖက်ရှိ SSPP/SSA ၏ ဌာနချုပ် လုံခြုံရေး တပ်စခန်းများဖြစ်သည့် ၁။ လွိုင်နိုင်းလမ်းခွဲအဝင်အနီး ခန့်မှန်းမြေပုံညွှန်း (ME-၃၇၀၃၁၇) ရှိစခန်းနေရာ၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း (ME-၄၀၃၃၃၁) စခန်းနေရာနှင့် မန်ဝိန်းကျေး ရွာအနီး ခန့်မှန်းမြေပုံအညွှန်း (ME-၄၁၉၃၃၆) စခန်းတို့ဖြစ်သည် ဟု သိရသည်။

SSPP-SSA စစ်မြေပြင် တာဝန်ရှိသူ တစ်ဦးက “ဒီဘက်က ကျနော်တို့ ဌာနချုပ်လုံခြုံရေး တပ်စခန်းဆိုတော့ သူတို့ အာရုံလာနောက်ချင်တာ ။ ဘာလို့လဲဆိုတော့ တောင်ပိုင်းဘက် ဆနင်းတောင် အနီးနားတစ်ဝိုက်က RCSS နဲ့ ကျ နော်တို့ SSPP/SSA တပ်တွေ စစ်ရေးတင်းမှာနေတယ်လေ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်။ တစ်ဖက်မှာ စစ် ရေး တင်းမှာနေတဲ့ အခြေနေရှိနေလို့၊ ဒီဘက်က ကျနော်တို့ အာရုံနောက်အောင်လုပ်တဲ့ အကွက်ပဲ၊ ကျနော်တို့ လည်း မဆုတ်ပေးနိုင်ဘူး စစ်လည်း ပြင်ဆင်ထားပြီးပြီ။ မြန်မာစစ်တပ်ဖက်က စစ်စထိုးရင်လည်း ကျနော်တို့ ဖက်က တုန့်ပြန်ဖို့အသင့်ပဲ” ဟု SSPP Info ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

SSPP Info သည် SSPP/SSA ၏ သတင်းနှင့် ပြန်ကြားရေး Facebook စာမျက်နှာ ဖြစ်သည်။

စစ်ကောင်စီတပ်က ဖယ်ရှားရန် ပြောဆိုထားသည့် စခန်းနေရာများသည့် SSPP/SSA အနေဖြင့် ဆယ်စုနှစ် တစ်ခု စာ အခြေပြုထားသည့် စခန်းနေရာများဖြစ်သည့်အတွက် ဖယ်ရှားပေးမည် မဟုတ်ပဲ စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်လာပါက ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု SSPP/SSA ဆိုသည်။

စစ်ကောင်စီက SSPP/SSSA တပ်စခန်းများကို ဖယ်ရှားရန် ပြောဆိုလာမှုကြောင့် စစ်ရေးတင်းမာနေသည့် အခြား တစ်ဖက်တွင် SSPP/SSA အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့အနီး စနင်းတောင်ဖက် တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့်လည်း စစ်ရေးတင်းမာနေသည်ဟု သိရသည်။

ပြိုင်ဖက် RCSS အဖွဲ့ကလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးအပြီးမှာ စစ်ကြောင်းကြီး သုံးကြောင်းဖြင့် SSPP တပ်စခန်းများဘက်ကို စစ်ဆင်ရေး ထိုးရန် ပြင်ဆင်နေသည်ဟု မကြာသေးမီ ရက်ပိုင်းက SSPP က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က SSPP/SSA တပ်စခန်းများ အနီးရှိ နေရာ ၄ နေရာခန့်တွင် လက်နက်အင်အား၊ လူ အင်အား အလုံးအရင်းနှင့် စစ်ရေးလှုပ်ရှားလျက်ရှိသည် ဟု SSPP/SSA က ပြောသည်။

SSPP/SSA တပ်စခန်းအနီး လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များမှာ တပ်ရင်း ၂၄၉ က လွိုင်နိုင်းနားဒေသ၊ တပ် ရင်း ၁၅၃ ဒုတပ်ရင်းမှူး ဦးဆောင်သည့်အဖွဲ့က ၉ မိုင်တွင် တစ်နေရာနှင့် ၇ မိုင်တွင် တစ်နေရာ၊ တပ်ရင်း ၂၉၆ တပ် က ဟွေလုံတပ်စခန်းနှင့် ဝမ်ဟွေလွတ် တပ်စခန်းတို့တွင် စစ်ရေးလှုပ်ရှားနေသည့် နည်းတူ တပ်မ ၈၁၊ တပ်ရင်း ၉၉၊ တပ်ရင်း ၂၉၆ က နမ်ပါလမ်တပ်စခန်းတွင် ပူးပေါင်းနေထိုင်ကာ စစ်ရေးလှုပ်ရှားနေသည်ဟု SSPP/SSA က ဆိုသည်။

ထို့အတူ ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင်၊ မိုင်းပွန် ဆနင်းတောင်ဖက်တွင် RCSS က SSPP/SSA ကို ထိုးစစ်ဆင် ရန် ပြင်ဆင်နေသည့်အတွက် စစ်ကောင်စီတပ်နှင့် RCSS တို့က SSPPကို နှစ်ဖက်ညှပ်တိုက်မည့် အနေအထားတွင် ရှိနေ ပြီး စစ်ရေးတင်းမာလျက်ရှိသည်ဟု SSPP/SSA က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းကလည်း RCSS/SSA တပ်ဖွဲ့များ အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ သည် လွိုင်လင်ခရိုင် ပင်လုံမြို့အနီး စနင်းတောင်ဖက်ရှိ SSPP/SSA တပ် လှုပ်ရှားရာ ဒေသဖက်သို့ စစ်ရေးလှုပ် ရှားလာသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်။