မောင်းမကန်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
မောင်းမကန် ကမ်းခြေတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံလိုက်ရသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာက စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစံတင် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
“သူက ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့ သတင်းပေးတာတွေ ရှိတယ်။ ဒါကြောင့်သူ့ကို ဒလန် လို့ နောက်ကွယ်မှာ ခေါ်ကြတယ်” ဟု အသက် ၃၅ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစံတင် ဇွန်လ ၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်ခန့်က သေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးစံတင်ကို မောင်းမကန်ကမ်းခြေအနီးရှိ ၎င်း၏ နေအိမ်အနီးဝန်းကျင်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
ထိုပစ်ခတ်မှုကို ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖြစ်သည့် လောင်းလုံး PDF အဖွဲ့ နှင့် Dawei Guerrillla revolution Force (DGRF) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု လောင်းလုံး PDF အဖွဲ့က
ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ဦးစံတင်သည် ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ် သည့် အုပ်ချုပ်ရေးမှူး တာဝန်ယူထားကာ ကျေးရွာပြည်သူများအပေါ် နိုင်ထက်စီးနင်း အာဏာပြမှုများ ကျူးလွန် နေသူ ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပြောသည်။
၎င်းသည် သတင်းပေး ဒလန်အဖြစ် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားကို အသက်သွင်းအားပေးနေသူတစ်ဦး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထား ဖေါ်ပြထား သည်။
ဦးစံတင် ပစ်ခတ်ခံရမှုသည် ကျေးရွာနေ ပြည်သူများနှင့် မသက်ဆိုင်ပဲ မိမိတို့ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့ များနှင့်သာ သက်ဆိုင်ကြောင်း ထုတ်ပြန် ထားသည်။
သေဆုံးသူ ဦးစံတင်သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကျေးရွာအတွင်း လောင်းကစားဝိုင်းများ
ပြုလုပ်ကာ ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကားများပေါ်တွင် လမ်းပြအဖြစ် လိုက်ပါ တတ်ခြင်းများလည်း ပြုလုပ်လေ့ရှိသည်ဟု ရွာသားများ က ပြောသည်။