နာရေးကူညီမှု ကား ပစ်ခံရ။ အသင်းသား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ် စစ်တောင်းကျေးရွာက စစ်တောင်း နာရေးကူညီမှု အသင်း၏ ယာဥ်တစ်စီး ပစ် ခတ်ခံရပြီး အသင်းသားတစ်ဦး သေဆုံးသွားသည်ဟု အသင်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
စစ်တောင်း နာရေးကူညီမှု အသင်း၏ မော်တော်ယာဥ် သည် ဇွန်လ ၉ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင် အချိန်ခန့် က ကျိုက်ထိုမြို့သို့ လူနာပို့ပြီးအပြန် အင်္ဂဘိုကျေးရွာ အရောက်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
”ကျိုက်ထိုကို ညဘက် လူနာပို့ပြီးအပြန် အင်္ဂဘိုကျေးရွာ အရောက်မှာ သေနတ်နဲ့ အပစ်ခံရတာပါ။ တစ် ယောက် ခါးကျည်ထိပြီး ဆုံးသွားပါတယ်” ဟု စစ်တောင်းနာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ယာဥ်ပေါ်တွင် ပါလာသည့် သုံးဦးအနက် မှ ဆီးအိမ် ကျည်ဖောက်ဝင် ဒဏ် ရာရရှိခဲ့သည့် ကိုပြည့်ဖြိုးအောင်ဆိုသူ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ကိုပြည့်ဖြိုးအောင်ကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားသည်ဟုလည်း သိရသည်။
စစ်တောင်း နာရေးကူညီမှုအသင်း၏ ယာဥ်ကို စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သထုံ ခရိုင် PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်တောင်း နာရေးကူညီမှုအသင်းယာဥ် ပစ်ခတ်ခံလိုက်ရသည့် အင်္ဂဘိုကျေးရွာ ဝန်းကျင်က ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။
ဇွန်လ ၇ နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက် ခံထားရသည်။