ပျူစောထီး မွန်လေးအား ရေးဘီလူးအဖွဲ့ ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင် မွန်လေး ဆိုသူကို ရေးဘီလူးအဖွဲ့က ကြာသပတေးနေ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

မွန်လေးဆိုသူက ရွှေဟင်္သာကျေးရွာတွင် ရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်ပြီး မွန်လေး ကို သေနတ်ဖြင့် အနီးကပ် ၁၄ ချက် ပစ်ခတ်ပြီး ရှင်းလင်းခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန် ထားသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကဗျာဝကျေးရွာနေ မွန်လေး သေဆုံးသွားသည်ဟု ဒေသခံ များက ပြောသည်။

”သေနတ်နဲ့ ပစ်ခံရတဲ့ မွန်လေးဆိုတဲ့လူက သေသွားတယ်။ ဘာကြောင့် အပစ်ခံရလဲဆိုတာတော့ မသိဘူး သူက ကဗျာဝက ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မွန်လေးသည် စစ်ကောင်စီတပ်၏ သတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်သူများထံမှလည်း ခြိမ်း ခြောက်ငွေတောင်းခြင်း၊ မတရားအနိုင်ကျင့်ခြင်းများကို လုပ်ဆောင်နေခြင်းကြောင့် ရှင်းလင်းလိုက်ရသည် ဟု ရေးဘီလူး အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

”စစ်ကောင်စီရဲ့ လက်ပါးတော် မွန်လေး ပြည်သူတွေကို ဒုက္ခပေးတယ်။ ပြည်သူတွေ ဒုက္ခရောက်အောင် အမျိုး မျိုး ဖန်တီးတယ်။ စစ်တပ်နဲ့ပေါင်းတယ်။ ရဲနဲ့ပေါင်းတယ်။ ငွေရရင် ဘာမဆိုလုပ်တဲ့ မွန်လေးကို ကျနော်တို့ အနား ပေးခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ရေးဘီးလူးအဖွဲ့သည် ရေးမြိုနယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Non CDM ဝန်ထမ်းများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ သတင်းပေးများကို မကြာခန ပစ်ခတ် ရှင်းလင်းလေ့ရှိသည်။

ရေးဘီးလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကိုလည်း ဆုကြေးပေးမည်ဆိုပြီး သတင်းထုတ်ပြန်ထားသည်။