သေနတ်ဖြင့် ပစ်သည့် PNO အဖွဲ့ဝင်အား အရေးယူရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ PNO ပြည်သူ့စစ်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် အမျိုးသမီးငယ်အတွက် မိသားစုဝင်များမှ တရားမျှတမှု ရရှိဖို့လိုလားသည်ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင် မီးလုံးပွဲတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO/PNA) ပြည်သူ့စစ်အဖွဲ့၏ သေနတ် ပစ်ခတ်မှုကြောင့် လည်ပင်းတွင် ပြင်းထန်စွာ ဒဏ်ရာရသွားသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ငယ် နန်းခံအွမ်အတွက် မိသားစုဝင်များမှ တရားမျှတမှုရရှိဖို့ လိုလားနေကြခြင်း ဖြစ်သည်။

အပစ်ခံရသည့် အမျိုးသမီးငယ် နန်းခံအွမ်နှင့် ဆွေမျိုး နီးစပ်သူတစ်ဦးက “အဲ့ဒီဘောမကို သူ့အသက် ပြန်ပေးရတဲ့ အထိ ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အဲ့ဒါမှ နောက်မလုပ်ရဲတော့မှာ။ အခု အပြစ်မရှိတဲ့ သူက အသက်ပေးရတော့မယ်။ သားသမီးချင်း ကိုယ်ချင်းစာကြည့်ပါ။ လက်နက်ကိုင်ပြီး ပြည်သူကို သတ်ဖို့လားလို့ မေးချင်တယ်။ အပစ်ခံရတဲ့ မိန်းကလေးရှင်ဘက်ကရော တရပ်ကွက်လုံး လူတွေရော မကြေမနပ် ဖြစ်နေကြ တယ်” ဟု ပြောသည်။

အမျိုးသမီးငယ် နန်းခံအွမ်က ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၆ နာရီ အချိန်တွင် မုန့်ထွက် ဝယ်နေစဉ် ဆိုက်ခေါင် မီး လုံးပွဲတွင် စကားများရန်ဖြစ်နေကြသည့် လူငယ်များကို PNA ပြည်သူ့စစ်အဖွဲ့က ထွက်ကောဝိဒ ဆိုသူက ခြိမ်းခြောက် ပစ်ခတ်ခဲ့သည့် ကျည်ဆံ ထိမှန်ခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင်များသာမက ၎င်းတို့နေထိုင်သည့် ဆီဆိုင်မြို့နယ်၊ သီရိရပ်ကွက်သားများကပါ သေနတ်ဖြင့် ပစ်ခတ်သူ “ထွက်ကောဝိဒ” အား ပအိုဝ်းပြည်သူ့စစ် (PNA) ဌာနချုပ်အနေဖြင့် ထိရောက်စွာ အရေးယူပေးပါရန် စုပေါင်း တောင်းဆို စာပေးပို့ထားသည်ဟု ဒေသခံများက ပြောသည်။

ထိုစာထဲတွင် ဆီဆိုင်မြို့နယ် သီရိရပ်ကွက်နေ ပြည်သူများက ထွက်ကောဝိဒအား မည်ကဲသို့ အရေးယူ ဖြစ် ကြောင်းနှင့် မည်သည့်နေ့ရက် မည်သည့်အချိန်တွင် အရေးယူမည်ကို တိတိကျကျ သိရှိလိုသည် ဟု ရေးသား တောင်းဆိုထားသည်။

လက်ရှိတွင် နန်းခံအွမ်မှာ တောင်ကြီးမြို့က စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရပြီး ယနေ့အချိန်ထိ သတိလစ်နေဆဲ အခြေအနေဖြစ်ကာ အသက်ရှင်ဖို့ရန် ရာခိုင်နှုန်းနည်းသည်ဟု မိသားစု ဝင်များ၏ ပြောပြချက်အရ သိရသည်။

ဒေသခံတစ်ဦးကလည်း “ထွက်ကောဝိဒက အရင်ကတည်းက ရွာက ဆန္ဒပြတဲ့ လူငယ်တွေကို ဖမ်းပြီး ဗမာ စစ် တပ်ကို အပ်နေကြပဲ။ သူပိုက်ဆံလိုရင် လူတွေဖမ်းတယ်။ ပြီးရင် ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတယ်။ လက်နက် ကိုင်ပြီး သောင်းကျန်းတယ်။ ရွာကလူတွေကို ခြိမ်းခြောက်တယ်။ NLD က ခွန်ဗွာထိုသွေးလည်း သူပဲဖမ်းပြီး စစ် တပ်လက်ထဲ အပ်တာ။ ခုတော့ စစ်ကြောရေးမှာ သေတာကြာပြီ” ဟု ပြောသည်။

ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့သည် မေလ ၁၉ ရက်နေ့က လုပ်ခဲ့သည့် ပအိုဝ်းဒေသ ရပ်မိရပ်ဖ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၎င်းတို့ စစ်အသုံးစရိတ်အတွက် တစ်အိမ်ထောင်လျှင် သုံးသောင်းကျပ်နှင့် ဆန်တစ်ပြည် ကောက်ခံမှုကြောင့် ဒေသခံများ၏ ဝေဖန်မှုမြင့်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ထိုသို့သော လုပ်ရပ်များကြောင့် ယခင် ပအိုဝ်းဒေသများတွင် ထောက်ခံမှု အားကောင်းခဲ့သည့် PNO/ PNA သည် ယခု လက်ရှိတွင် ပအိုဝ်းပြည်သူများ၏ ထောက်ခံမှု ကျဆင်းလျက်ရှိသည်ဟု ဆီဆိုင်ဒေသခံများအပါအဝင် ပအိုဝ်းပြည်သူ အချို့၏ ပြောပြချက်အရ သိရသည်။