“လောင်းလုံးကို ထိရင် ထားဝယ်နဲ့ ညိမယ်” ဆိုင်းဘုတ်အနီး မိုင်းကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်။

ထားဝယ်မြို့ ကမ်းနားလမ်း အပန်းဖြေနေရာအနီးတွင် ချိတ်ဆွဲထားသည့် စာတန်းအား လာရောက်ဖြုတ်ယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနီးမှ ဖြတ်သွားသည့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ကမ်းနားလမ်း အပန်းဖြေနေရာအနီးရှိ ဝါးခြံစည်းရိုးတွင် ချိတ်ဆွဲထားသည့် “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ ညိမယ်” စာသားပါဘန်နာကို လာရောက်ဖြုတ်ယူသည့် စစ်ကောင်စီတပ်ဖွဲ့အချို့သည် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ဝုန်း ဆိုပြီးပေါက်ကွဲသံကြီးကြားရပြီး မီးခိုးလုံးလဲတွေ့ရတယ်။ အသံတော်တော်ကြမ်းတာ။ ဖြစ်တဲ့နေရာနဲ့ ဝေးပေမယ့် ကြောက်လို့ ဆိုင်သိမ်းပြီး အိမ်ပြန်ပြေးခဲ့ရတယ်” ဟု အသက် ၂၅ နှစ် အရွယ် လမ်းဘေးဈေး ရောင်းချနေသူ အမျိုးသမီးတစ်ဦး က ပြောသည်။

သို့သော်လည်း ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စာသားဆိုင်းဘုတ် လာရောက်ဖြုတ်ယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု ဆိုသည်။

သို့သော်လည်း မိုင်းပေါက်ကွဲချိန်တွင် စက်ဘီးစီးလာသည့် အသက် ၅၀ ကျော်ခန့်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကို မိုင်းစရှပ်ထိမှန် (မစိုးရိမ်ရ)ဒဏ်ရာရှိခဲ့သည့်အတွက် အရေးပေါ်လူနာတင်ကားဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်ဟု ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းသွား လမ်း လာများနှင့် ဆိုင်ကယ်များအား တားဆီးစစ်ဆေးခဲ့သည်ဟု မြို့ခံများကပြောသည်။

ဇွန်လ ၁၈ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Guerrilla Dawei (ထားဝယ် ပြောက်ကျား) အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ထိုနေ့ ညပိုင်းမှာပင် သတင်းထုတ်ပြန် ထားသည်။

ထုတ်ပြန်ချက်အတွင်း ပေါက်ကွဲမှုမဖြစ်ခင် ထားဝယ်မြို့ မြိတ်လမ်းပေါ်ရှိ ဗဟိုလမ်းဆုံတွင် စစ်ကောင်စီက တပ် ဆင်ထားသော CCTV နှစ်လုံးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သေးသည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲ တွင် ဖေါ်ပြထားသည်။