အရက်သောက်ထားသည့် ဗိုလ်ကြီး ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း အရက်သောက်ထားသည့် ဗိုလ်ကြီး တစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဟု ဒေသခံများက ပြောသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ ဆားမလောက်ကျေးရွာတွင် မင်္ဂလာပွဲမှ အပြန် အရက်သောက်ထားသည့် ဗိုလ်ကြီး တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

“မင်္ဂလာဆောင်က ပြန်အလာ စကားများပြီး စစ်ဗိုလ်က ပစ်တာပါ၊ ဒဏ်ရာတဲ့ ရဲနှစ်ယောက် က ညောင်တုန်း ဆေးရုံမှာ ဆေးကုနေရတယ်” ဟု ဆားမလောက် နယ်မြေ ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဆားမလောက်ကျေးရွာ အထက်တန်းကျောင်းရှေ့ တွင် ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က အရက်မူး နေကြသည့် အဖွဲ့ထဲက အမြောက်တပ်မှဗိုလ်ကြီးတစ်ဦး၏ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆားမလောက်ရွာခံများ ဆိုသည်။

မှော်ဘီမြို့ အမြောက်တပ်မှ ဗိုလ်အဆင့် နှင့် ဗိုလ်ကြီးအဆင့် ရှိသူတို့က မြန်မာကရင်စုကျေးရွာတွင် လုပ်သည့် မင်္ဂလာဆောင်သို့ လာကြသူများ ဖြစ်ပြီး၊ အရက် အလွန်အကျွံ သောက်ထားပြီး မူးနေကြခြင်း ဖြစ်သည်ဟု ဆားမလောက် နယ်မြေ ရဲစခန်းနှင့် နီးစပ်သူ ဆက်ပြောသည်။

အမြောက်တပ်မှ ဗိုလ်ကြီး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် ရဲနှစ်ဦးမှာ မအူပင်မြို့နယ် မယ်ဇယ်လီ ရဲစခန်း က ရဲတပ်ကြပ် မောင်မြင့် ဆိုသူ နှင့် ရဲတပ်သား တစ်ဦးတို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး ရရှိခဲ့သည့် ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရဘူးဟု ညောင်တုန်း ဆေးရုံဝန်ထမ်းအချို့က အတည်ပြုပြောသည်။

“စစ်တပ်က ကောင်တွေက ရဲတွေကို အမြဲဗိုလ်ကျ အနိုင်ကျင့်နေတာ။ အကြီးအကဲတွေကလည်း တပ်ကလာတဲ့ မိုးကျရွှေကိုယ်တွေဆိုတော့ အောက်ခြေက တပ်ဖွဲ့ဝင်တွေမှာ ခံဘက်ကချည့်ဘဲ” ဟု ညောင်တုန်းမြို့က အငြိမ်း စား ရဲအရာရှိ ဟောင်းတစ်ဦး က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အထက်သို့ အမှုဖြစ်စဉ်ကို သတင်းပို့ တင်ပြထားသည်ဟု ရဲတပ်ဖွဲ့ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း ဧရာဝတီတိုင်း အတွင်းရှိ မြိုနယ် အသီးသီးတွင် နယ်မြေ စိုးမိုးရေး အတွက် ရောက်ရှိလာသည့် စစ်ကောင်စီ၏ တပ်သားများက ပြည်သူများအပေါ်တွင်သာမကာ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာအချို့အပေါ်တွင်ပါ နိုင်ထက်စီးနင်း ဆက်ဆံမှုများ ရှိနေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ ထံ မှ သိရသည်။