စစ်ကောင်စီ တပ်များက လိင်အကြမ်းဖက်မှုများ ကျူးလွန်ဟု NUG ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူလူထုများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၇ ကြိမ် ကျူးလွန်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

ဇွန်လ ၁၉ ရက်နေ့က ကျရောက်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ End Sexual Violence Day စကားဝိုင်း ဆွေးနွေးပွဲ အဖွင့်အမှာစကား တွင် NUG ယာယီ သမ္မတက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုအကြိမ်အရေအတွက်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဧပြီလအထိ ၇ လ ကာလအတွင်းသာ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

၎င်းက “အာဏာသိမ်းပြီးနောက် အောက်တိုဘာလကနေ ၂၀၂၂ ဧပြီလ ၇ လ ကာလအတွင်းမှာ မန္တလေးတိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာတင် စစ်ကောင်စီတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ၁၇ ကြိမ် ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းအရ သိရှိရပါတယ်။ ဒါကို မှတ်တမ်းတင်လို့ရတဲ့ အမှုကိုသာ ပြောတာ ပါ။ မှတ်တမ်းတင်လို့ မရတဲ့ အမှုတွေ အများကြီးဖြစ်ပါတယ်။” ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။ “အဲဒီမှုခင်းတွေမှာ အမျိုးသမီးပေါင်း ၄၉ ဦး အမျိုးသား ၂ ဦး LBGT ၁ ဦးနဲ့ လူငယ် ၂၀ ကျော်တွေဟာ စစ်ကောင်စီတွေရဲ့ ညှင်းပန်းနှိပ်စက်ခြင်း အဓမ္မကျင့် ခြင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းနဲ့ သတ်ဖြတ်ခြင်းများကို ခံခဲ့ရပါတယ်” ဟု သမ္မတက ဆက်ပြောသည်။

ထိုအထဲတွင် ချင်းပြည်နယ် တီးတိန်မြို့နှင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက အမျိုးသမီးများအပေါ် စစ် ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်သည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။

NUG ယာယီ သမ္မတ ဒူဝါလရှီးလက “အမှုပေါင်းများစွာထဲက ဥပမာ တစ်ခုပြောရရင် ချင်းပြည်နယ် တီးတိန် မြို့မှာ မီးနေသည် အမျိုးသမီးတစ်ဦး မီးနေကာလမှာ မုဒိမ်းကျင့်တာ နောက်တစ်ခါ ယောက်ကျားရဲ့ ရှေ့မှာပဲ သေနတ်ထောက်ပြီးတော့ မုဒိမ်းကျင့်တာ စသဖြင့်ပေါ့။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကင်းကျေးရွာနဲ့ အုတ် နဲကျေးရွာမှာ အမျိုးသမီး ၃၀ ကို အစုလိုက် အပြုံလိုက် မုဒိမ်းကျင့်တာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တာကို စစ်ကောင်စီရဲ့ ပြယုဒ်တွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်နက်သဖွယ် အသုံးပြုနေသည်ကို တွေ့ရသည်ဟု NUG ယာယီ သမ္မတက ဆိုသည်။

စစ်အုပ်ချုပ်ရေး အဆက်ဆက်တွင် စစ်တပ်က တိုင်းရင်းသား ပြည်နယ်များမှာ အမျိုးသမီးများနှင့် ဒေသခံပြည် သူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုခဲ့ကြ သကဲ့သို့ ယခုလည်း ဆက် လက် အသုံးပြုနေသည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဦးအောင်မျိုးမင်းက “စစ်ကောင်စီကလည်း စစ်တပ်ကလည်း ဟိုးအရင်ကတည်းက တိုင်းရင်းသားတွေရဲ့ ဒေသ တွေကို သွားပြီး ထိုးစစ်ဆင်နေတဲ့အချိန်မှာ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု မုဒိမ်းကျင့်တဲ့ လိုင် စင်သဘောမျိုးတောင် ထုတ်ပေးထားတဲ့ အနေအထားမျိုး ဖြစ်ခဲ့တဲ့အတွက် ဒီအစဉ်အဆက်ကို ထပ်ပြီး ကျင့် သုံးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီကျေးလက်ဒေသတစ်ခုလုံး ရပ်ရွာတစ်ခုလုံး မီးလောင်တိုက် သွင်းတဲ့ လူတွေကို ဖမ်းဆီးဖျက်ဆီးတဲ့ထဲမှာလည်း အမျိုးသမီးတွေ ပါဝင်ပြီး ခံစားရသလို အမျိုးသမီးဖြစ်တဲ့ အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဒါတွေကို ကျနော်တို့ ကြုံတွေ့ရတယ်” ဟုပြောသည်။

အမျိုးသမီးများကိုသာမက အသက်မပြည့်သေးသည့် ကလေးများကိုလည်း စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရည်ရွည်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

၎င်းက “ကျနော်တို့ လက်နက်ကိုင် ပဋိပက္ခဖြစ် ပွားတဲ့ ကာလအတွင်းမှာ အမျိုးသမီးများက တခြားရပ်ရွာသူ တွေလိုပဲ စစ်ကောင်စီရဲ့ ရက်စက်မှုကို တန်းတူ ခံစားရသလို အမျိုးသမီး ဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ စော် ကားမှုတွေကို ထပ်မံပြီးတော့ ခံစားနေရတယ်။ အမျိုးသမီးတွေ သာမကပဲနဲ့ အသက်မပြည့်တဲ့ ကလေးများ က လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဦးတည် ရည်ရွယ်ချက် ထားပြီးတော့ လုပ်ဆောင်ခံနေရတာကို တွေ့ရပါ တယ် ခင်ဗျာ” ဟု ပြောသည်။

လက်ရှိကာလအထိ ပြစ်မှုကျူး လွန်သူများမှာလည်း အပြစ်ပေးအရေးယူခံရခြင်း မရှိပဲ ကင်းလွတ်ခွင့် ရနေ သည်မှာ ယနေ့အချိန် အထိဖြစ်ပြီး ထိုကင်းလွတ်ခွင့် ရနေမှုများကို ယနေ့ကာလတွင် အဆုံးသတ်နိုင် ရန်လည်း လုပ်ဆောင်နေသည်ဟု NUG ယာယီ သမ္မတက ပြောသည်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသူများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပေးကြပါရန် NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒု-ဝန်ကြီး အိသဉ္ဇာမောင်က တောင်းဆိုသည်။

“မြန်မာပြည်မှာ စစ်ကောင်စီက ကျူးလွန်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို တကယ်ပဲ ထိထိ ရောက်ရောက် အပြစ်ပေးအရေးယူ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထကို အဆုံးသတ်ဖို့အတွက် နိုင်ငံတကာ တရားစီရင်ရေးတွေမှာ ပိုပြီးတွန်းအားပေးဖို့ မိတ်ဆွေတို့ရဲ့ အကူအညီတွေ အများကြီးလိုပါတယ်” ဟု အိသဉ္ဇာ မောင် က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်ဒေသကြီး တော်တော်များများတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့ သို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့်လည်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။

ထိုစစ်ရေး ပဋိပက္ခအတွင်း စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေသည်သာမက ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ပိုမိုလုပ်ဆောင်လာသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမျိုး သမီးအရေး လုပ်ဆောင်သူများက ပြောသည်။