အသက် ၁၁ နှစ် အရွယ် အိမ်အကူကို နှိပ်စက်၊ ရေနွေးပူလောင်းသဖြင့် ဆေးရုံတင်ထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

အသက် ၁၁ နှစ်သမီး အိမ်အကူ မိန်း ကလေးငယ်တစ်ဦး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ရိုက်နှက်နှိပ်စက် ညှင်းပန်းခံရပြီး ရေနွေးပူပါ အလောင်းခံရခြင်းကြောင့် ကျွန်းစုပြည်သူ့ ဆေး ရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ရွာသားများ က ပြောသည်။

ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ကမ်းကြီးကျေးရွာ အထဲပိုင်းရပ်ကွက်တွင် စားသောက်ဆိုင်ဖွင့်ကာ အရက်၊ ဘီယာရောင်းချနေသူ ကိုဇော်လွင်နှင့် ဇနီးဖြစ်သူ မချစ်ချစ်တို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဆိုင်ရှင် ဇော်လွင်က ကမ်းကြီးရွာသားပါ၊ ကင်းမွန်မီးထွန်းလှေလည်း လိုက်တယ်၊ သူ့မိန်းမက ဘုတ်ပြင်းမြို့ နယ် က ရွှေဂဲညိုရွာက၊ ကလေးမလေးကလည်း အဲ့ဒီကပဲ။ ကလေးထိန်းကူဖို့ဆိုပြီး ဌားခေါ်လာတာ။ မိဘတွေ မပါလာဘူး” ဟု အသက် ၄၀ ခန့်အရွယ် အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဆိုင်ရှင်လင်မယားက အိမ်အကူခေါ်ထားသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို ရိုက်နှက် ရေပူလောင်း နှိပ်စက်နေသည်ကို အိမ်နီးချင်းနှင့် ရွာသားများကတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသိပေး အကြောင်းကြားကာ အိမ်အကူအမျိုးသမီးငယ်ကို သွားရောက် ခေါ် ယူပြီး ဆေးရုံတင်ပို့ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။

ရိုက်နှက်ခံထားရမှုကြောင့် ဦးခေါင်းဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ နောက်ကျောပြင်နှင့် လက်တို့တွင် ရေပူလောင်းခံ ထားရသည့် ဖုလောင်းဒဏ်ရာများကို မြင်တွေ့သည်ဟု ရွာသားများက ဆိုသည်။

လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည့် ထိုမိန်းကလေးငယ်၏ ဆေးဝါးကုသမှုအတွက် ကုန်ကျမည့် စရိတ်ကို ဆေးဆိုင်ပိုင်ရှင်တစ်ဦးမှ တာဝန်ယူ ကူညီလှူဒါန်းကာ ကုသပေးလျက်ရှိနေသည်။

ကလေးငယ်သည် အိမ်မှုကိစ္စများ လုပ်ကိုင်ပေးရပြီး တနေကုန်နီးပါး ရေထမ်းခိုင်းခြင်းအပြင် ကလေး မထိန်းပေး သည့် အတွက် အပြစ်ယူကာ ဆိုင်ရှင်လင်မယားက ယခုကဲ့သို့ နှိပ်စက်ခြင်းဖြစ်သည်ဟု ရွာသားများက ပြော သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ မျက်မြင်သက်သေ ရွာသားများ၏ တိုင်ကြားမှုကြောင့် ပြစ်မှုကျူးလွန်သူ လင် မယား နှစ်ဦးစလုံးကို ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် ကျွန်းစုမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက လာ ရောက် ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု သိရသည်။