လက်ပံတောင်း အနီး ရွာတရွာ မီးရှို့ခံရ၊ ရွာသား ၂၀ ကျော် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီးမံကိန်းအနီးရှိ မိုးကြိုး ပြင် မြောက်ကျေးရွာကို ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၇ နာရီ ခွဲခန့်က စစ်ကောင်စီတပ်များ မီးရှို့ပြီး ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းထားခြင်း ဖြစ်သည်ဟု သိရသည်။

ဒေသခံတစ်ဦးက ”အိမ်တွေ တော်တော်များများ လောင်ကုန်တယ်။ သူတို့ရှိနေသေးတော့ သွားကြည့်လို့လည်း မရသေးတော့ အသေအပျောက် ရှိမရှိတော့ မသိသေးဘူး“ ဟု ပြောသည်။

စစ်ကောင်စီတပ်အင်အား ၇၀ ခန့်သည့် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဝမ်ပေါင် ကုမ္ပဏီဝန်းထဲမှ ထွက် လာခြင်းဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ ညအချိန်ထိ မိုးကြိုးပြင်မြောက်ကျေးရွာတွင် တပ်စွဲထားသည်ဟု သိရသည်။

ရွာသားများ၏ အကူအညီတောင်းခံမှုကြောင့် ဒေသပူးပေါင်းတပ်ဖွဲ့များသည် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဝမ်ပေါင်ကုမ္ပဏီကို လက်နက်ငယ်များ၊ လက်လုပ် လက်နက်ကြီး ၆၀ မမ မော်တာများဖြင့် သွားရောက်ပစ်ခတ်ခဲ့ သည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

လက်ရှိတွင် မိုးကြိုးပြင်မြောက်ကျေးရွာ၊ မိုးကြိုးပြင်တောင်၊ မိုးကြိုးပြင်အလယ်ရွာ ၃ ရွာနှင့် တုံကျေးရွာတို့က ဒေသခံ ၂၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အဆိုပါ ရွာများထဲတွင် မိုးကြိုးပြင် အလယ်ရွာသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ရွာသူ ဒေါ်ခင်ဝင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်အတွက် လူသိများသည့် ရွာတစ်ရွာလည်းဖြစ်သည်။

ယခု ထိုနေရာဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအဖြစ် မြန်မာတော်ဝင် နဂါး ဆာလင်းကြီး အဖွဲ့၊ တကိုယ်တော် သုဘရာဇာအဖွဲ့၊ သမန်းကျား ပြည်သူ့ကာကွယ်ရေးတပ်၊ Brother Defense Force အဖွဲ့၊ SRE Defense Force အဖွဲ့တို့က ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို ခုခံလျှက်ရှိသည်ဟု တကိုယ်တော် သုဘရာဇာ အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနကို ပြောသည်။

ဗွီဒီယို – သုဘရာဇာအဖွဲ့မှ ဝမ်ပေါင်ကုမ္ပဏီဝန်းအား သွားရောက်ပစ်ခတ်သည့်ရုပ်သံဖိုင်