ပုသိမ်ထောင်တွင် ထောင်ဝင်စာ ကိစ္စ ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသား အချို့ ပူးပေါင်း၍ ထောင် ဝင်စာ အစားအသောက်ပို့ခြင်းအား ကန့်သတ်ခံနေရသည်နှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ထောင်အာဏာပိုင်အဖွဲ့ က အကျဉ်းသားအားလုံးကို ထောင်ဝင်စာ အစားအသောက် ပို့ခြင်းအား ကန့်သတ် ချုပ် ချယ်လိုက် သဖြင့် နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ပုသိမ် အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများက ပြောသည်။ ။

“၅၀၅ တွေ က အရင်အတိုင်း ခွင့်မပြုရင် တန်းမပိတ်ဘူး (အိပ်ဆောင်ပြန်မဝင်ဘူး)။ လုပ်ချင်ရာ လုပ်ဆိုပြီး ဆန္ဒ ပြကြတာ” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသား အချို့ ပူးပေါင်း၍ ဆန္ဒပြခဲ့ကြဖြစ်သည်ဟု သိရသည်။

အကျဉ်းထောင် အတွင်းသို့ ထောင်ဝင်စာ အစားအသောက် ပို့ခြင်းကို ယခင်က တစ်ကြိမ်လျှင် ပစ္စည်း အမယ် အကန့်အသတ် မရှိပို့ခွင့် ရခဲ့သော်လည်း ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ ၃ မျိုးသာ ပို့ခွင့် ကန့်သတ်လိုက်ခြင်း ဖြစ် သည်ဟု သိရသည်။

ထောင်ဝင်စာ ပို့သည့် ပစ္စည်းအမယ်များအား ယခုကဲ့သို့ ရုတ်တရက် လျော့ချ ကန့်သတ်လိုက်သဖြင့် အကျဉ်း သားများ သာမက ရပ်နီးရပ်ဝေးမှ ထောင်ဝင်စာလာပို့ကြသည့် အကျဉ်းသားများ၏ မိသားစုများလည်း အခက် အခဲ ဖြစ်ရသည်ဟု ထောင်ဝင်စာပို့သည့် အကျဉ်းသားများ၏ မိသားစုဝင်အချို့က ဆိုသည်။

“ထောင်ထမင်း ဟင်းဆိုတာ သန့်ရှင်းမှု မရှိသလို အဟာရလည်း မဖြစ်ဘူးလေ။ အဲ့တော့ အိမ်က ထောင်စာပို့တာ ကို အားပြုစားကြရတာ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ထောင်ဝင်စာ ပို့သူများက ကန်သတ်ထားသော ဗမာဆေးရွက်ကြီး အမှုန့်များကို ပလပ်စတစ်ဖြင့် ထုပ်ကာ ငံပြာ ရည် ချက်ဗူးအတွင်း ထည့်၍ ထောင်တွင်းသို့ ပို့သဖြင့် အပြစ်ပေးသည့် အနေဖြင့် ကန့်သတ်လိုက်ခြင်း ဖြစ်သည် ဟု အကျဉ်းဦးစီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“ထောင်စည်းကမ်း ချိုးဖောက်တာတော့ အရေး ယူဆောင်ရွက် ရပါတယ်။ အခုလည်း ညှိနှိုင်း ဖြေလျော့ပေးပြီး လို့ ပြေလည်သွားပါပြီ” ဟု ၎င်း ကဆက်ပြောသည်။

ပုသိမ်အကျဉ်းထောင် အတွင်းသို့ ကန်သတ်ပစ္စည်းများ သွင်းခြင်းကို ထောင်အရာရှိ အချို့က လာဘ်ယူ ကာ စီး ပွားရေး လုပ်ငန်းအသွင်လုပ်၍ ထောင်စည်းကမ်း ချိုးဖောက် နေကြသည်ဟု ပုသိမ်အကျဉ်းထောင်မှ လွတ် မြောက်လာသည့် သူအချို့၏ ပြောပြချက်အရ သိရသည်။