လက်ပံတောင်း ကြေးနီ စီမံကိန်း အနီး ရွာသား ၂ ဦး သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီးမံကိန်းအနီးရှိ မိုးကြိုး ပြင်မြောက်ကျေးရွာက ရွာသား ၂ ဦးအသတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

အသတ်ခံရသူနှစ်ဦးမှာ ကိုတင်စိုး အသက် ၄၇ နှစ် နှင့် ကိုပွကြီး အသက် ၄၅ နှစ်တို့ ဖြစ်ကြသည်ဟု ဒေသခံ ရွာ သားတစ်ဦးက ပြောသည်။

မိုးကြိုးပြင်မြောက်ရွာသားတစ်ဦးက “ကိုတင်စိုးက လည်ပင်းမှာ ဓါးဒဏ်ရာတွေ့တယ်။ ကိုပွကြီးတော့ လက် ကောက်ဝတ်နှစ်ဖက် စလုံးဖြတ်ပြီး အလောင်းပေါ် မှာ နှစ်ဖက်စလုံးတင်ထားခဲ့တယ်။ စစ်မေးပြီးသတ်ခဲ့ ပုံရ တယ်“ ဟု ပြောသည်။

၎င်းတို့နှစ်ဦးမှာ ဇွန်လ ၂၁ ရက်နေ့က ဓါးဖြင့် ခုတ်ဖြတ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုနေ့က စစ်ကောင်စီတပ်ဖွဲ့များသည် ၎င်းတို့ ၂ဦးကို သတ်ဖြတ်သွားသည့်အပြင် အိမ်ခြေ ၂၀၀ ကျော်လည်း မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးကြိုးပြင်မြောက်ကျေးရွာတွင် အိမ်ခြေအလုံး ၃၀၀ ကျော်ခန့်ရှိသည့် အနက် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးတင်ရှို့လိုက်ခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဇွန် ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က လက်ပံတောင်းတောင် ဝမ်းပေါင် ကြေးနီ တောင် စီမံကိန်းဝန်းထဲမှ ထွက်လာပြီး မိုးကြိုးပြင်မြောက်ရွာကို မီးတင်ရှို့ခဲ့သည့်အပြင် ရွာသား ၂၀ ကျော်ကို လည်း ဖမ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရသူများအနက် ဇွန်လ ၂၂ ရက်နေ့တွင် အချို့ကိုပြန်လွတ်ပေးပြီး ၂ ဦးကို ဖမ်းဆီးခေါ်သွား သည်ဟု မိုးကြိုးပြင်မြောက်ရွာအနီးနား ရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်နေရာတွင် စခန်းချနေသည့် ဒေသခံ PDF အဖွဲ့ဝင်တစ်ဦး က ပြောသည်။

မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင် အလယ်ရွာ ၃ ရွာနှင့် တုံရွာတို့ရှိ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ စုစုပေါင်း လူဦးရေ ၂၀၀၀ ခန့် စစ်ကောင်စီတပ်၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားအချို့အား ဖမ်းဆီးခြင်းနှင့် ရက်စက်စွာ သတ်ဖြတ်နေခြင်းတို့ကြောင့် ကြောက်လန့်ပြီး ဘေးလွတ်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှာင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်လာသည့် လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်း ဒေသခံ PDF အဖွဲ့က လက်နက်ငယ်များ လက်လုပ် ၆၀ မမလက်နက်ကြီးများဖြင့် သွားရောက်ခဲ့သည်။

အင်းအား ၇၀ ခန့်ရှိသည့် အဆိုပါ စစ်ကောင်စီအဖွဲ့အား ဒေသအတွင်းရှိ မြန်မာ့တော်ဝင်နဂါးတပ် ဆားလင်းကြီး၊ တကိုယ်တော် သုဘရာဇာအဖွဲ့၊ သမန်းကျား ပြည်သူ့ကာကွယ်ရေးတပ်၊ Brother Defense Force၊ SRE Defense Force အဖွဲ့များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်လျှက်ရှိသည်ဟု သိရသည်။

ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝမ်ပေါင် ကြေးနီစီမံကိန်းက သိမ်းယူထားသည့် ဆည်တည်းဘုန်းကြီးကျောင်းတွင် တပ်စွဲနေရာယူထားသည်ဟု ရွာသားများက ဆိုသည်။ ထိုကျေးရွာမှ ရွာသား များအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက စစ်တပ်က ဖယ်ရှားရန် ဖိအားပေးထားသည့် ရွာတစ်ရွာဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ကြေးနီးတောင်အနီးရှိ ကျေးရွာများအား ယခုကဲ့သို့ လူ့အခွင့်အရေးချိုး ဖောက်မှု များကို လုပ်ဆောင်နေသည်ကို မသိရသေးသော်လည်း စစ်တပ်အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းအနီး ရွာသားများ နေထိုင်၍ မရအောင် တမင်လုပ်ဆောင်နေခြင်းမျိုး ဖြစ်နိုင်သည်ဟု ရွာသားအချို့က ဆိုသည်။