လွိုင်ကော်တွင် မဲမသမာမှုဟု ဆိုကာ ပြည်သူများကို ဖမ်းဆီး ငွေညှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်တွင် စစ်တပ်နှင့် ထွေအုပ်ပေါင်း၍ ပြည်သူများကို ဖမ်းဆီး၊ ခြိမ်းခြောက် ငွေတောင်းကာ ပြန်လွှတ်ပေးနေသည်ဟု မြို့ခံများက ပြောသည်။

မဲစာရင်း မသမာမှု အကြောင်းပြ၍ ဖမ်းဆီးခံရသူများမှာ လူအယောက် ၂၀ ခန့် ရှိမည်ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီတွင် လွိုင်ကော်ရဲစခန်းမှ ခြိမ်းခြောက် ငွေတောင်းကာ အကုန် ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့တွင် မဲစာရင်း မသမာမှု အကြောင်းပြကာ စစ်တပ်နှင့် ထွေအုပ်ဝန်ထမ်းများ ပေါင်းပြီး ပြည်သူများ ကို ဖမ်းဆီး ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။

“၁၈ ရက်နေ့၊ ည ၈ နာရီလောက်က စဖမ်းတာပေါ့။ မဲစာရင်း မသမာမှုလို့ ပြောတယ်။ မဲစာရင်းစာရွက်တွေ ကိုင်လာတယ်။ မဲစာရင်း နှစ်ကြိမ်ထည့်လို့ဆိုပြီး ဖမ်းသွားတယ်။ ခဏတော့ သူတို့ စစ်ဆေးမယ်ပေါ့။ အဖမ်းခံရ တဲ့ သူတွေကတော့ အကုန်လုံးက မဲမသမာမှု လုပ်ခဲ့လား ဆိုတာတော့ ကျနော်လည်း မသိနိုင်ဘူး။ ဒါပေမယ့် ကျ နော်သိတဲ့ လူတချို့ကတော့ ထွေအုပ် ယူလာတဲ့ စာရွက်တွေက သူတို့ လက်မှတ် မဟုတ်ဘူးပြောတယ်။ ဒါပေ မယ့် ဖမ်းသွားတယ်။ အခုတော့ အကုန်လွတ်လာပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ လွိုင်ကော်မြို့ခံ တစ်ဦး က ပြောသည်။

သို့သော်လည်း ၎င်းတို့သည် ရဲစခန်းတွင် အာမခံထားခြင်းကြောင့် အမည်၊ ရပ်ကွက်နှင့် နေထိုင်သည့် လိပ်စာမှာ အသိပေး ပြောဆို၍ မရဟု အဖမ်းခံရသူ အချို့နှင့်နီးစပ်သူများက ပြောသည်။

“သူတို့က လက်ဘက်ရည်ဖိုးတော့ပေး အကုန်လွှတ်ပေးမယ်ပေါ့။ ရိုက်နှက်တာတွေတော့ မရှိပါဘူး။ ဒီ အကြောင်းကို ဘယ်သူမှ မပြောရဘူးပေါ့။ တစ်ယောက်ယောက်က အွန်လိုင်းပေါ်တင်ရင် ပြန်ဖမ်းမယ် ရိုက် မယ်လို့ ခြိမ်းခြောက်တယ်။ နှစ်သောင်း သုံးသောင်းလောက်တော့ ပေးရတယ်။ ဒါပေမယ့် မရှိတဲ့သူတွေက မပေးနိုင်လို့ ဒီတိုင်း ပြန်လွှတ်ရတာလည်း ရှိတယ်။ တနည်းနည်းနဲ့တော့ ပြန်ပေးရမယ်ထင်တယ်” ဟု အဖမ်းခံ ရသူ တစ်ဦးနှင့် နီးစပ်သူ က ပြောသည်။

ယခု မဲစာရင်းမသမာမှု အကြောင်းပြ၍ ဖမ်းဆီးခံရသူများမှာ စစ်တပ်နှင့် ထွေအုပ်များက စွပ်စွဲသကဲ့သို့ မဲ အကြိမ်ရေ ပိုထည့်ခြင်း၊ မဲခိုးခြင်း၊ လက်မှတ်အတု လုပ်ခြင်းများ မရှိခဲ့ကြောင်းနှင့် ရဲစခန်းမှ ပြသည့် လက်မှတ် များမှာလည်း ၎င်းတို့၏ လက်မှတ် မဟုတ်ကြောင်း အဖမ်းခံရသူများက ဆိုသည်။

လွိုင်ကော်မြို့တွင် မဲစာရင်းမသမာမှုကြောင့် ဖမ်းဆီးခြင်းများအပြင် KBZ Pay အား ရာခိုင်နှုန်းများဖြင့် ငွေသား လဲလှယ် ရောင်းစား သူများကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ကမ္ဘာ့ရတနာဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့သာ ဖွင့်နေရပြီး ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့မှာ ယနေ့အချိန်ထိ ပြန်မဖွင့်နိုင်သေးသည့်အတွက် ငွေများကို ရာခိုင်နှုန်းဖြင့် လဲလှယ် ရောင်းစားနေခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

KBZ Pay အား ရာခိုင်နှုင်းဖြင့် ငွေသားလဲလှယ် ရောင်းချနေမှုကြောင့် အဖမ်းခံရသူများမှာ ဇွန်လ ၂၂ ရက်နေ့အထိ ၅ ဦးထက်မနည်း ရှိပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူများလည်း များစွာရှိသည်ဟု ဒေသခံများ၏ ပြောပြချက် အရ သိရသည်။ ကရင်နီပြည်နယ်ကဲသို့ ဘဏ်များအားလုံး မဖွင့်နိုင်သေးသည့် နေရာများတွင် KBZ Pay ဖြင့် ငွေလဲလှယ်ရသည့် ပေါက်ဈေးမှာ ၁၀၀ လျှင် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ပေးနေရသည်ဟု သိရသည်။