တောင်ကြီး ညောင်ရွှေ ကားခ ၂ ဆခွဲဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး-ညောင်ရွှေ ယာဉ်လိုင်းကားခများ ၂ ဆခွဲဈေးတက်သွား၍ ခရီးသည်များ ဒုက္ခရောက်နေကြသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင်က ခရီးသည်တစ်ဦးလျှင် ကျပ် ၁၀၀၀ သာ ပေးခဲ့ရသည့် ခရီးစဉ်များအတွက် လက်ရှိ ဓါတ်ဆီစျေးမြင့်တက်လာမှုကြောင့် ကျပ် ၂၅၀၀ အထိ မြင့်တက်လာသည်ဟု ခရီးသွားများက ပြော သည်။
ထိုခရီးလမ်းတွင် ယာဉ်လိုင်း ပြေးဆွဲနေသည့် ကားဒရိုင်ဘာ တစ်ဦးက “အရင်က တစ်ယောက် ၁၀၀၀ ပဲရတာ။ ခရီးသည်လည်း ဂိတ်မှာ အပြည့်။ ကုန်တွေလည်း တင်ရတယ်။ တစ်ရက် ၃၀,၀၀၀ အသာလေး။ အာဏာသိမ်း ပြီးတော့ လူတွေ သွားလာကြတာ သိပ်မရှိတော့ဘူး။ အဓိကတော့ စစ်ဆေးရေးဂိတ် ဖြတ်ရတာတွေ အစစ်ဆေး ခံရတာတွေ လူတွေ စိတ်ရှုပ်လာတယ်။ အဲတော့ အသွားအလာ နည်းသွားတယ်” ဟု ပြောသည်။
ထိုယာဉ်လိုင်းသည် စစ်တပ်က အာဏာမသိမ်မှီ ကာလများတွင် ခရီးသည် တစ်ဦးလျှင် ၁,၀၀၀ ကျပ်သာ ပေးရ ပြီး ထိုမှတဆင့် ဓါတ်ဆီဈေး မြှင့်တက်လာမှုကြောင့် ၅၀၀ ကျပ်စီ တဖြည်းဖြည်းချင်း မြင့်တက်လာရာမှ ယခု ဇွန်လ စတုတ္ထအပတ်တွင် ၂,၅၀၀ ကျပ်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
တောင်ကြီး-ညောင်ရွှေ လိုင်းကား ပုံမှန် စီးနေသူ ခရီးသည်တစ်ဦးက “အရင်ကတော့ တစ်ယောက် ၂၀၀၀ ခေါင်း ခန်းက ၄၀၀၀ ပေးရတယ်။ လူလည်း သိပ်မစောင့်ရဘူး။ ဒီနေ့တော့ ၂၅၀၀ ပေးရတယ်။ ခေါင်းခန်းက ၅၀၀၀။ အကြာကြီးလည်း စောင့်လိုက်ရတယ်။ ၈ နာရီကတည်းက စောင့်လိုက်တာ ၁၀ နာရီမှပဲ ကားထွက်နိုင်တယ်။ ကားဆရာကတော့ မကိုက်လို့ လူပြည့်တဲ့အထိ စောင့်နေတယ်လို့ ပြောတာပဲ” ဟု ပြောသည်။
ယာဉ်လိုင်း ပြေးဆွဲနေသည့် ကားဒရိုင်ဘာ က “ကားခ ဈေးတက်တယ် ဆိုတာက ဓါတ်ဆီ ဈေးတက်တာ ကြောင့်ပဲ မဟုတ်ပါဘူး။ စီးတဲ့လူ မရှိလို့ပါ။ အခု ခရီးသည်နဲ့ ကုန်ပစ္စည်း နှစ်ခုပေါင်း ၂၅,၀၀၀ ရမှပဲ ထွက် တယ်။ အဲ့ဒါ တောင် ကျနော်တို့အတွက် တစ်ရက် ၁၀,၀၀၀ ပဲ ကျန်တယ်။ ၂၅,၀၀၀ ရမှ ထွက်ရတော့ ခရီးသည် တွေအတွက် ကြာတာလေးတော့ ရှိတယ်။ ဒီကာလက ခရီးသည်ရော ယာဉ်လိုင်းရော ဒုက္ခ ရောက်ပါတယ်” ဟု ပြောသည်။
ထိုသို့ တောင်ကြီး-ညောင်ရွှေ ယာဉ်လိုင်းကားခများ ဈေးတက်မှုကြောင့် ခရီးသည်နှင့် ယာဉ်လိုင်း ပိုင်ရှင်များ သာမက ၎င်းယာဉ်လိုင်းဖြင့် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်နေကြသည့် ကုန်သည်ကြီးများပါ ဒုက္ခရောက် နေ ကြသည်ဟု ဆိုသည်။
ညောင်ရွှေမြို့ရှိ ကုန်သည်ကြီး တစ်ဦးက “အရင်က လိုင်းကားနဲ့ တင်ရင် ပစ္စည်းတစ်မျိုးကို ၂၀၀ ပေါ့။ ဒီတစ် ပတ်က စပြီး ၃၀၀ ပေးရတယ်။ ကားတစ်စီးစာ ပေါင်းရင် အရင်က ၃၀,၀၀၀ လောက်ကျမှာပေါ့။ အခုက ၅၀,၀၀၀ နီးပါးကျတယ်။ အဲဒီတော့ ကျနော်က ကုန်ပစ္စည်းကို ဈေးတင်ရပြီ။ ဈေးအရမ်း တင်လိုက်ရင်လည်း လူတွေက မဝယ်ကြတော့ဘူး။ တောင်ကြီး-ညောင်ရွှေက နီးနီးလေးဆိုတော့ နှစ်မြို့က ဈေးအရမ်း ကွာလို့ မရဘူးလေ။ ဘယ်လို ရောင်းရမယ်မှန်း မသိတော့ပါဘူး။ ဒီခေတ်ဆိုးကြီး မြန်မြန် ပြီးချင်ပြီ” ဟု ပြောသည်။
တောင်ကြီး-ညောင်ရွှေ ယာဉ်လိုင်း သာမက တောင်ကြီး-ညောင်ရွှေ-နန်းပန် ယာဉ်လိုင်းလည်း ကားခ ၁,၀၀၀ ကျပ် ဈေးတက်လာသည်ဟု ခရီးသွားများနှင့် ယာဉ်လိုင်းပြေးဆွဲနေသူများက ပြောသည်။
ယခင် တောင်ကြီး-ညောင်ရွှေ- နန်းပန် ယာဉ်လိုင်းမှာ ၂,၀၀၀ ကျပ်သာ ကျသင့်ရာမှ ယခုလက်ရှိတွင် ကျပ် ၃,၀၀၀ အထိ ပေးရသည်ဟု နန်းပန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်လိုင်းနှစ်ခုအား ညောင်ရွှေမြို့နှင့် အင်းလေးကန်ဒေသ တစ်ဝိုက်အတွင်းရှိ လူတန်းစား အလွှာ ပေါင်းစုံတို့ စီးနင်းလိုက်ပါကြပြီး တောင်ကြီးမြို့မှ တဆင့် ညောင်ရွှေမြို့နှင့် အင်းလေးမှ ကုန်သည်ကြီးများ အဓိက အားထားနေရသည့် ယာဉ်လိုင်းများဖြစ်သည်။
ထိုသို့ တောင်ကြီး- ညောင်ရွှေ ယဉ်လိုင်း ကားခ ဈေးတက်လာခြင်းကြောင့် ညောင်ရွှေနှင့် အင်းလေးဒေသတို့တွင် ရောင်းချနေသည့် ကုန်ပစ္စည်းများ ဈေးမြင့်တက်မှုများ ရှိလာသည်ဟု အင်းလေးဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ထို့ကြောင့် ဒေသခံအချို့မှာ အဆိုပါ ယာဉ်လိုင်းများအစား ဈေးပိုသက်သာသည့် ခရမ်းချဉ်သီးတင် ကား များတွင်သာ မှောင်ခို လိုက်စီးကြရသည်ဟု သိရသည်။
အဆိုပါ ယာဉ်လိုင်း နှစ်ခု အပြင် တောင်ကြီး- ညောင်ရွှေ ပြေးဆွဲနေသော ဆိုင်ကယ် တက္ကစီများပါ ယခုနှစ် ဇွန် လအတွင်း ကျပ် ၁၀,၀၀၀ ဝန်းကျင်မှ ကျပ် ၁၅,၀၀၀ အထိ ဈေးတက်လာသည်ဟု သိရသည်။
တောင်ကြီး- ညောင်ရွှေ ပြေးဆွဲနေသော ယာဉ်လိုင်းများမှာ ယခု ပြေးဆွဲနေသော ခရီးသည်ဦးရေထက် လျော့ နည်းလာပါက ယာဉ်လိုင်းများ ပိတ်သိမ်းရမည့် အခြေအနေများထိ ဖြစ်လာနိုင်သောကြောင့် ဒေသခံများက စိုးရိမ်ပူပန် နေကြသည်။