ဘီးလင်းပစ်ခတ်ဖမ်းဆီးမှု တစ်ခုတွင် လူတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် အပါအဝင် လူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးသွားသည်ဟု နီးစပ်သူများက ပြော သည်။

ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသားတစ်ဦးတို့ကို ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး ရွာသားမှာ သေဆုံးသွားခြင်း ဖြစ်သည်။

NLD ပါတီနှင့် နီးစပ်သူတစ်ဦးက ”ကိုကျော်မျိုးမင်းတို့ ၄ ဦး ဆိုင်ကယ်နှစ်စီးနဲ့ သွားနေတာကို စစ်ကြောင်း တစ်ခု ကနေ ပစ်ခတ်ပြီးတော့ ဖမ်းဆီးတယ်လို့ သိရတယ်။ အဲ့မှာ ပါလာတဲ့ ရွာသားကတော့ ထိသွားတယ်။ ကိုကျော် မျိုးမင်းတို့ ၃ ဦးကိုတော့ ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

ဦးကျော်မျိုးမင်း အပါအဝင် ၎င်းတို့ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် သွားလာနေစဥ် ဘီးလင်းမြို့နယ် လယ်ကတဲ ကျေးရွာ အနီးတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင့်နှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ပစ်ခတ်ဖမ်းဆီးစဥ် ဦးကျော်မျိုးမင်းတို့နှင့် အတူပါလာသည့် ရွာသားတစ်ဦးက သေဆုံးသွားသည်ဟု NLD ပါတီနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဦးကျော်မျိုးမင်း အပါအဝင် ၃ ဦးနှင့် ပတ်သက်သည့် နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘူးဟု နီးစပ်သူများက ပြောသည်။

KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီကလည်း ဦးကျော်မျိုးမင်း၊ ဦးပန်း မြင့်၊ ဦးကိုကိုမောင်တို့ ဖမ်းဆီးခံထားရပြီး ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူများ သတိပြုရှောင်ရှားကြရန် အသိ ပေး ထုတ်ပြန်ထားသည်။

ဦးကျော်မျိုးမင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံထားရကာ ထွက်ပြေး တိမ်းရှောင်နေရသူ တစ်ဦး ဖြစ်သည်။

ဦးကျော်မျိုးမင်းသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာ တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူ တစ်ဦးဖြစ်သလို ဘီးလင်းမြို့နယ် NLD ပါတီ၏ ဥက္ကဋ္ဌ လည်း ဖြစ် သည်။