စက်လှေ သမားအား စစ်ကောင်စီ ဖမ်းဆီး ခေါ်ဆောင်သွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် စက်လှေမောင်းသူ အမျိုးသားတစ်ဦးအား စစ်ကောင်စီ တပ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

စက်လှေမောင်းသူမှာ အသက် ၃၈ နှစ် အရွယ်ရှိ ရှမ်း-အင်းသား လူမျိုး တစ်ဦးဖြစ်ပြီး ဖယ်ခုံမြို့ မြို့ကုန်းညောင် ပင်သာ ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဒလန် သတင်းလို့လား စက်လှေမောင်းသူ အချင်းချင်း မနာလိုလို့လားတော့ မသိဘူး။ ရိုက်နှက်ပြီး ဖမ်းခေါ် သွားတယ်။ လာဖမ်းတဲ့ အချိန်မှာ ဘယ်သူမှန်းမသိလို့ သူက မှန်ပြတင်းပေါက်ကနေ ချောင်းကြည့်နေတုန်း စစ် သားက သေနတ်နဲ့ လှမ်းပစ်တယ်။ လက်မှာ ကျည်ဆံ တစ်ချက် ထိသွားတယ်” ဟု အမည်မဖော်လိုသူ အိမ်နီး ချင်းတစ်ဦး က ပြောသည်။

စက်လှေမောင်းသူအား ဇွန်လ ၂၄ ရက်နေ့၊ ည ၉ နာရီအချိန်တွင် ဖယ်ခုံမြို့နယ် အခြေစိုက် စကခ ၇ လက် အောက်ခံ၊ ခမရ ၃၃၆ တပ်ရင်းက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးနေစဉ် အတွင်း ၎င်း၏ မွေးချင်း ညီအကို နှစ်ယောက်မှာလည်း ဝါးလျားမှောက်ခိုင်းပြီး မျက်နှာအား စစ်ဖိနပ်ဖြင့် တက်နင်းကာ စစ်ဆေး မေးမြန်းခံခဲ့ရသည်ဟု သိရသည်။ ထိုသို့ စစ်ဆေးမေးမြန်း ခံရသော ၎င်း၏ မွေးချင်း ညီအကို နှစ်ဦးမှာလည်း မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

အဖမ်းခံရသူနှင့် နီးစပ်သူ တစ်ဦးက “ကျနော်တို့ သွားစုံစမ်းတော့ စကစဘက်က ဘာမှမဖြစ်ဘူး။ စစ်ဆေးမေး မြန်းပြီး ပြန်လွှတ်ပေးမယ်။ လက်မှာ ကျည်ထိထားတဲ့ ဒဏ်ရာနဲ့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ကုပေးပြီးရင် ပြန်လွှတ်ပေးမယ် ပြောတယ်။ လက်ရှိ အချိန်အထိတော့ တွေ့ခွင့် မပေးသေးဘူး။ ချုပ်ထားတာကတော့ ၃၃၆ တပ်ဝင်းထဲမှာ” ဟု ပြောသည်။

အဆိုပါ စက်လှေမောင်းသူမှာ ဖယ်ခုံ-အင်းခေါင်း-မိုးဗြဲဆည် တစ်လျှောက် အရှေ့ဘက်ကမ်း အနောက်ဘက် ကမ်း စက်လှေပြေးဆွဲနေသူ တစ်ဦး ဖြစ်သည်။ ၎င်းစက်လှေသမားအား PDF များကို စက်လှေဖြင့် ကြိုပို့ လုပ် ပေးနေခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ဇွန်လ ၁၄ ရက်နေ့တွင်လည်း ဖယ်ခုံမြို့တွင် အရပ်သား ၈ ဦးကို PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည် ဆိုသည့် သံသယဖြင့် စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးပြီး ၃ နာရီကြာအောင် စစ်ဆေး မေးမြန်းမှုများ ရှိခဲ့သည်ဟု သိရ သည်။

ဖယ်ခုံမြို့တွင် ဇွန်လလယ်မှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့များက မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်း၊ မြို့ထဲတွင် အစစ်ဆေးများ တင်းကြပ်ခြင်း၊ မကြာခဏ စစ်ကြောင်းများ ဖြတ်သန်းသွားလာခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။