ပခုက္ကူမြို့ ရပ်ကွက်တစ်ခုတွင် တရက်တည်း ဓါးပြနှစ်နေရာ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက်အတွင်း တစ်ရက်တည်း နေရာနှစ်နေရာတွင် ဓားပြတိုက်ခံခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပခုက္ကူမြို့၊ အမတ် ၁၅ ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်နှင့် ပခုက္ကူစက်မှုဇုန်ရှိ Apple KTV တို့ ဇွန်လ ၂၈ ရက်နေ့ က ဓားပြတိုက်ခံလိုက်ရခြင်း ဖြစ်သည်။

“တစ်ရက်ထဲ နှစ်နေရာ ဓားပြတိုက်ခံရတာ။ မြို့ထဲက တအိမ်နဲ့ မြို့အစွန်က KTV မှာ တိုက်ခံရတာ။ ဖြစ်စဥ် ကတော့ မတူဘူး။ အခုက ခိုးဆိုးလုယက်တာတွေအရမ်းများလာနေပြီ” ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

Apple KTV ကို လူ ၃ ယောက်က ဓားပြဝင်တိုက်ချိန်တွင် ဆိုင်အတွင်းရှိ လူများက ဝိုင်းပြီး ပြန်လည်တိုက်ခိုက်ခဲ့ ကြသည်ဟု သိရသည်။ ထိုသို့ တိုက်ခိုက်ချိန် ဆိုင်အတွင်းရှိ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိသွားပြီး လူနာတင်ယာဥ် နှင့် ဆေးရုံကို ပို့ဆောင်ထားသည်ဟု အနီအနားက ဒေသခံတစ်ဦးက ဆိုသည်။

သို့သော် Apple KTV ဓားပြတိုက်ခံရမှုတွင် ငွေကြေးနှင့် ပစ္စည်းများ ပါသွားခြင်း မရှိဘူးဟု ဆိုသည်။

အလားတူ အမှတ် ၁၅ ရပ်ကွက်က နေအိမ်တစ်အိမ်ကိုလည်း ဇွန်လ ၂၈ ရက်နေ့တွင် လက်နက်ကိုင် လူတစ်စုက ဓားပြ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင် ဓားနှင့် ထိုးမိခဲ့သည်ဟု သိရသည်။ ထိုအိမ်ကလည်း ငွေကြေးတစ်စုံတစ်ရာ ပါသွားခြင်းမျိုး မရှိဘူးဟု ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။

လက်ရှိတွင် ဓားပြတိုက်သူက ထွက်ပြေးလွတ်မြောက်သွားပြီး မည်သူမည်ဝါ၊ မည်သည့်ဒေသ မည်သည့် အဖွဲ့အစည်းက ဆိုသည်ကို မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

ပခုက္ကူမြို့တွင်လည်း အခြားသော မြို့များကဲ့သို့ပင် စစ်တပ်က အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများ ပိုများလာနေပြီး ဒေသခံများမှာ လုံခြုံမှု မရှိဖြစ်နေရသည်ဟု ဆိုသည်။