ရေးတွင် မီတာခ ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ် ၁၃၅၀ ကျပ် အထိ စျေးတက်လာ သည် ဟု ဒေသခံများက ပြောသည်။

မဟာဓါတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်အတွင်းတွင် လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးလုပ်ဆောင်နေကြခြင်း ဖြစ်ရာ ဇွန်လအတွင်း ကျပ် ၁၅၀ ထပ်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။

”မီတာခက တစ်ယူနစ် ၉၀၀ ကနေ ၁၂၀၀ တက်သွားတယ်၊ အခု ဇွန်လမှာ သုံးထားတာတွေကို တစ်ယူနစ် ၁၃၅၀ တိုးကောက်မယ်တဲ့” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ဒီဇယ်စျေးမြင့်တက်လာခြင်းကြောင့် ရေးမြို့နယ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီတို့မှ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်မီး သည် ဇွန်လမှ စတင်ကာ တစ်ယူနစ်ကို ကျပ် ၁၃၅၀ အထိ တိုးမြှင့်ကောက်ခံရန် မီးလင်းရေး ကော်မတီက ကြေ ညာ ထားသည်ဟု မြို့ခံများက ပြောသည်။

ပုဂ္ဂလိကကုမ္ပဏီများက ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးသည် တစ်ယူနစ် ကျပ် ၉၀၀ ကောက်ခံနေရာမှ မတ်လမှ စတင်ကာ တစ်ယူနစ် ကျပ် ၁၂၀၀ တိုးမြှင့်ကောက်ခံခဲ့ပြီး ယခု ဇွန်လတွင် တစ်ယူနစ်အား ကျပ် ၁၃၅၀ ကျပ် အထိ ထပ်တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ထို့အတူ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးလည်း တစ်ယူနစ် ကျပ် ၁၀၀၀ မှ ကျပ် ၁၄၀၀ အထိ စျေးတက်သွားသည်ဟု သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

ရေးမြို့နယ် ခေါဇာဒေသခံတစ်ဦးက”မီတာခ စျေးကြီးနေတော့ မီးကို ချွေတာပြီး သုံးနေရတာပေါ့” ဟု ပြော သည်။

ဒီဇယ်ဆီစျေး မြင့်တက်လာသည့်အတွက် မီတာခစျေး တိုးမြှင့်ကောင်ခံရခြင်းဖြစ်ပြီး ဒီဇယ်စျေးကျပါက မီတာခ စျေး လျော့ချပေးမည်ဟု မီးလင်းရေးကော်မတီက ပြောဆိုထားသည်ဟု ဆိုသည်။

လျှပ်စစ်မီတာခ ဆက်တိုက် မြင့်တက်လာသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်း ရှင်များ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုလည်း ရေးမြို့ဒေသခံများက ပြောသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြားရှိခဲ့ရာမှ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ဒီဇယ်စျေးမြင့်တက်လာမှုကြောင့် တစ်ယူနစ်အား ကျပ် ၁၃၅၀ အထိ စျေးတက်သွားခဲ့သည်။