နယ်မြေရှင်း စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မြိတ်ခရိုင်အတွင်း PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။
အင်အား ၁၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရန် စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ၏ မိုင်းစစ်ဆင်ရေးကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦး ကျော် သေဆုံးပြီး အယောက် ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိသွားနိုင်သည်ဟု ပုလော ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးသည့်နောက် နှစ်ဖက်အပြန်အလှန် ၅ နာရီကျော်အကြာ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF တာဝန်ရှိသူက ပြောသည်။
ပုလောမြို့နယ်အတွင်း ဇွန်လ ၂၇ ရက်နေ့မှစတင်၍ ဇွန်လကုန်အထိ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ ကာ ကွယ်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်ဟု သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် မှော်မိ၊ နန်းတောင်၊ ကျောင်း နိမ့်၊ ပိန္နဲတောင်၊ ဆားခဲ၊ ပုလောကုန်းနှင့် ဂျင့်ဂါကျေးရွာများက ဒေသခံ ၁၀၀၀ ကျော်တို့ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ရွာသားများကပြောသည်။
“တိုက်ပွဲတွေက နေ့တိုင်းလိုလိုပဲ၊ ဟိုရွာကဖြစ်လိုက် ဒီရွာကဖြစ်လိုက်နဲ့ မိုးတွေကလည်း ရွာတော့ နေစရာနဲ့ စား စရာအတွက် ရွာသားတွေ တောထဲမှာ အတော်ဒုက္ခဖြစ်နေကြတာ။ အလုပ်တွေလည်း ဘာမှလုပ်မရဘူး” ဟု အသက် ၅၀ ခန့် အရွယ် ဂျင့်ဂါရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ကျေးရွာများမှ ရွာသားများ ပုလောမြို့နှင့် အနီးအနားကျေးရွာများရှိ ဆွေမျိုး မိတ် ဆွေများထံသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေသည့်အပြင် အနီးဝန်းကျင်က ဘေးလွတ်မည်ထင်သည့် တောတောင် များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း ရှိနေသည်ဟု ဒေသခံများကပြောသည်။
ထိုသို့ ထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် ဆေးဝါး၊ အစားအသောက်၊ ရိက္ခာများနှင့် အမိုးအကာများ အရေးတ ကြီး လိုအပ်လျက်ရှိနေသည် ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ အင်အား ၃၀၀ ကျော်ခန့် အထိ ထပ်မံ ဖြည့်တင်းထားသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ် ကြောက်လန့်နေကြသည်ဟု သိရသည်။