ဧရာဝတီတိုင်း ရခိုင်ရိုးမတောင်ခြေအနီး တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

ဧရာဝတီတိုင်း၊ ရခိုင်ရိုးမ တောင်ခြေရှိ အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့၏ စခန်းတဲများ မီးရှို့ဖျက်ဆီးခံလိုက်ရ သည်ဟု သိရသည်။

ကိုးဆူကြီး ကျေးရွာအုပ်စု၊ စပါးအိုး ကျေးရွာ အနောက်ဘက် ရခိုင်ရိုးမတောင်ခြေ တောထဲသို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင် စီတပ် နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် – PDF တို့ ဇူလိုင်လ ၁ ရက်နေ့က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တဝုန်းဝုန်းနဲ့ အပြန်အလှန် ပစ်နေကြတာ မြို့ထဲကတောင်ကြားရတယ်။ မြို့မှာရှိတဲ့ စစ်သားတွေ ရဲတွေ ရိုးမ ဘက်ကို ကားတွေနဲ့တက်သွားတယ်” ဟု ကြံခင်းမြို့ခံ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၉ နာရီ ကျော်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားပြီး နှစ်ဖက်ကြား ၄ နာရီကျော် ပစ်ခတ်ခဲ့ ကြပြီးနောက် PDF များက စခန်းစွန့်ခွာသွားသဖြင့် သိမ်းဆည်းရမိသည့် တဲအလုံး ၃၀ ကျော် နှင့် အိပ်ယာ၊ ထိုင် ခင်းများကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးလိုက်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရိုးမဧရာဝတီ PDF တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး ဧရာဝတီ ဒေါင်းတ မာန် PDF အဖွဲ့က စစ်ကူပေးတိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရိုးမဧရာဝတီ အဖွဲက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ကျဆုံး ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ရိုးမဧရာဝတီ အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ရိုးမ ဧရာဝတီ PDF က ထုတ်လုပ်သည့် ၉ လုံး ကျည် တစ်တောင့်ထိုး ၂၃ လက်၊ တူမီး ၄၅ လက်၊ 40 မမ ၁၄ လက် မီးစက်နှင့် တွင်ခုံများ ဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“ရိုးမထဲမှာ တိုက်ပွဲဖြစ်ကြတယ်လို့ သိရပါတယ်။ ဒဏ်ရာရလို့ သေလို့ဆေးရုံကိုရောက် လာမျိုးတော့ မရှိသေး ဘူး” ဟု ကြံခင်းဆေးရုံ ဝန်ထမ်းတစ်ဦး က ပြောသည်။

ဇူလိုင် ၁ ရက်နေ့၊ ညနေ ၅ နာရီကျော် အချိန်ထိ မြန်အောင် နှင့် ဟင်္သာတ အခြေစိုက် စစ်တပ်၊ ရဲတပ်ဖွဲ့ အင်အား ၁၅၀ ကျော်က နယ်မြေရှင်းလင်းအတွက် ဆောင်ရွက်နေသည်ဟု ဒေသခံအုပ်ချုပ်ရေး အဖွဲ့နှင့်နီးစပ်သူများ ထံ မှ သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ဧရာဝတီတိုင်း ရခိုင်ရိုးမ တောင်ခြေတောတွင်း၌ ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး တင်းမာနေသည့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေကာ ကြံခင်းမြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာတွင် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။