ဝါးကားမှောက်၊ လုပ်သား ၈ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် ဝါးကားတစ်စီးတိမ်းမှောက်ပြီး ဝါးခုတ်လုပ်သား ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မင်းဘူးခရိုင် စလင်းမြို့နယ်အဆုံး ပုသိမ်-မုံရွာကားလမ်းပေါ်တွင် ဇူလိုင်လ ၂ ရက်နေ့၊ ည ၇ နာရီအချိန်က တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် ပါလာသည့် ဝါးခုတ်လုပ်သား ၈ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
”အမှန်တော့ ဆေးရုံရောက်လာတာ ၇ နာရီလောက်မှာ။ ဒဏ်ရာရတဲ့ သူတွေလည်း များတယ်။ စလင်းမြို့နယ် အဆုံး ဆည်နား ပုသိမ်-မုံရွာ လမ်းမှာဖြစ်တာ” ဟု အကူအညီပေးနေသူ အမျိုးသားတစ်ဦး က ပြောသည်။
အဆိုပါ ဝါးကားသည် နွားကို ရှောင်လိုက်စဉ် လမ်းဘေး မြေအပျော့ကို နင်းမိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
သေဆုံး ဒဏ်ရာရသူများသည် စလင်းမြို့နယ် အနောက် ရွှေတွင်းတူး ကျေးရွာသားများ ဖြစ်ကြပြီး ဒဏ်ရာရသူ ၁၁ ဦး အနက် ၃ ဦးမှာ စိုးရိမ်ရသည်ဟု အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။
ဒဏ်ရာရသူများအနက် စိုးရိမ်ရသူ ၃ ဦးမှာ ခြေထောက်ကျိုးသူက တစ်ဦး၊ ရင်ခေါင်းဆောင့်မိသူ တစ်ဦး နှင့် ဖနာင့်ရိုးကျိုးသူက တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူများအား စလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးနေ သည်ဟု စုံစမ်းသိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူများ အားလုံးသည် အမျိုးသားများ ဖြစ်ကြသည်။
လက်ရှိတွင် အဆိုပ် ယာဉ်တိမ်းမှောက်မှုအား စလင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဲဖြစ်သည် ဟု သိရသည်။
၂၀၁၈ ခုနှစ်တုန်းကလည်း ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်တွင် ဝါးကားတိမ်းမှောက်ခဲ့ဖူးပြီး အများဆုံး ၅ ဦး ခန့် သေဆုံးခဲ့သည်။