လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ဇွန်လအတွင်း ကရင်ဒေသတွင် အရပ်သား ၁၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF တို့ ၏ လက်ချက်ဖြင့် ဇွန်လ တစ်လတည်းအတွင်းတွင် အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ပြောသည်။
ထိုသူများမှာ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF တို့၏ ပစ်သတ်ခြင်းကို ခံရသူများနှင့် လက်နက်ကြီး ပစ် ခတ်ခြင်းကြောင့် ထိမှန် သေဆုံးဒဏ်ရာရသူများ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ဇွန်လ ၄ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်ကို တွေ့ရသည်။
KNU ၏ ထုတ်ပြန်ချက်ထဲတွင် “အာဏာသိမ်း စစ်ကောင်စီ၏တပ်မှ ပစ်သတ်မှုနှင့် လက်နက်ကြီးပစ်ချမှု ကြောင့် အပြစ်မဲ့ ပြည်သူလူထုပေါင်း (၁၂) ဦးသေဆုံးခဲ့ရပြီး ထိုအထဲတွင် သံဃာတော် (၁) ပါးလည်းပါဝင်ပါ သည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် (BGF)တပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထုပေါင်း (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် သံဃာ တော် (၁) ပါးလည်းပါဝင်ပါသည်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်တို့သည် KNU နယ်မြေအတွင်းသို့ စစ်ရေးလှုပ်ရှားမှုများနှင့် တပ်အင်အားတိုးချဲ့မှုတို့ကို လုပ်ဆောင်လာပြီးနောက် ပြည်သူလူထုများကို ကြောက်လန့်အောင် ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ ညှင်းပမ်း နှိပ်စက် သတ်ဖြတ်ခြင်းများကို ပြုလုပ်သည်သာမက ပြည်သူလူထုများ၏ စည်းစိမ် ဥစ္စာများကို ခိုးယူခြင်း၊ မတရားသိမ်းယူခြင်းနှင့် ကျွဲ၊ နွား၊ ကြက်၊ ဝက် နှင့် ဆန် စသည်တို့ကို လုယက် ခိုးယူစားသုံး ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု KNU က ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ( BGF ) တပ်များသည် ပြည်သူလူထုများ၏ နေအိမ် နှင့် အဆောက်အဦများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြသည်ဟု KNU က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
KNU က “၂၀၂၂ ခုနှစ် ဇွန်လအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် ( BGF )တပ် များမှ ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများ ပစ်ချမှု ကြောင့် ပြည်သူလူထု၏ နေအိမ် (၇၅)လုံး၊ ဘုန်းကြီးကျောင်း (၂)လုံး နှင့် စာသင်ကျောင်း (၂)လုံး ကို ထိမှန် ပျက်စီးခဲ့ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် နယ်ခြားစောင့်တပ် ( BGF )တပ်များသည် ပြည်သူလူထု၏ နေအိမ်ပေါင်း (၆၁) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ထား သည်။
စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ( BGF ) တပ်တို့သည် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုအတွင်း လမ်းပြပေး ရန်အတွက် ပြည်သူလူထုများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တပ်သားများ၏ စားနပ်ရိက္ခာများ နှင့် ပစ္စည်းများကို သယ်ဆောင်ပေးရန်အပြင် ပြည်သူလူထု၏ ကားများကိုလည်း အတင်းအဓမ္မ ယူသုံးခြင်း များ လည်း ရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် KNU တပ်မဟာ ၁ ( သထုံခရိုင်)၊ တပ်မဟာ ၂ (တောင်ငူခရိုင်)၊ တပ်မဟာ ၃ ( ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၄ ( မြိတ်-ထားဝယ်ခရိုင်)၊ တပ်မဟာ ၅ ( မူတြော် (ဖာပွန်ခရိုင် ) နှင့် တပ်မဟာ ၆ (ဒူးပလာယာခရိုင်) တို့တွင် တိုက်ပွဲများ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ နီးစပ်ရာ ဒေသများ နှင့် တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေးအပြင် အဖက်ဖက်မှ အရေးအပေါ် အကူအညီများလိုအပ်နေသည်ဟု KNU က ပြောသည်။