လှေသမား ၃ ဦး ဖမ်းခံရပြီး ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ဧရာဝတီ တံတားအနီး ဧရာဝတီ မြစ်အတွင်း ငါးဖမ်းနေသည့် လှေသမား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးဟု ဒေသခံ များ က ပြောသည်။

အဆိုပါ ငါးဖမ်းလှေသမား ၃ ဦးကို ဇူလိုင်လ ၁ ရက်နေ့၊ ည ၉ နာရီကျော်အချိန်ခန့်တွင် စစ်တပ်က ဖမ်းဆီးသွား ခြင်း ဖြစ်သည်ဟု သိရသည်။

“ကျနော့်အထင် ပြောရရင် ပုဂံ ညောင်ဦးမှာ ထိပ်သီးခေါင်းဆောင်လာဖို့ ခရီးစဥ်ရှိလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်လှန် ရေး အင်အားစုတွေ လှုပ်ရှားသွားလာနိုင်တဲ့ နေရာတွေကို လုံခြုံရေးတိုးချတာလို့ မြင်တယ်။ ဒီဘက်မှာ အရင်က လည်း ငါးကိုညဘက်ပဲ ဖမ်းကြတာ။ အခု သူတို့ကိုလည်း ဘာလို့ဖမ်းသွားတယ်ဆိုတာကို မသိဘူး” ဟု ပခုက္ကူ ဒေသခံတစ်ဦး က ပြောသည်။

ပခုက္ကူ-ဧရာဝတီတံတားအနီးရှိ ဧရာဝတီမြစ်အတွင်း စစ်ကောင်စီအောက်ခံ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပြင် ပျူစောထီးများ ပူးပေါင်းပြီး ကင်းလှည့်နေသည်မှာ ဇွန်လကုန်ကတည်းက ဖြစ်သည်ဟု သိရသည်။

ဇွန်လ နောက်ဆုံးအပတ်မှ ဇူလိုင်လ ပထမ အပတ်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေကြခြင်း ဖြစ်သည် ဟု မြို့ခံများက ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးခံရသူ ၃ ဦးမှာ ပခုက္ကူမြို့၊ ကုက္ကိုလ်လှကျေးရွာက ရွာသားများဖြစ်ကြပြီး ငါးဖမ်း သမားများမှာ ညဘက်အချိန်တွင် ငါးပိုရသည့်အတွက် ညဘက် ငါးဖမ်းထွက်ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိအချိန် ၎င်းတို့ ၃ ဦးအား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးဘူးဟု ဆိုသည်။

ဧရာဝတီတံတားပေါ်က ရှင်းလင်းဆောင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားပြီး ဖြတ်သွားဖြတ်လာ ရေယာဥ်များအား ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။