ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်၊ အမျိုး သား ၇ ဦး သတ်ခံရ၊ အမျိုးသမီး တစ်ဦး မုဒိန်းကျင့်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသား ၇ ဦးကိုလည်း သတ်သွားသည်ဟု ဒေသခံ များက ပြောသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ၊ ရေရှင်ကျေးရွာထဲသို့ ဇူလိုင်လ ၄ ရက်နေ့မှစတင်၍ အင်အား ၁၅၀ နီးပါးခန့်ပါသည့် စစ် ကောင်စီ စစ်ကြောင်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ လူ တစ်ဦးက ပြောသည်။

ဒေသတွင်းရှိ လူ တစ်ဦးက “မနေ့ကစပြီးတော့ ဝင်လာတဲ့စစ်ကြောင်းက အခုရေရှင်ရွာကို ဝင်တယ်။ မုဒိမ်းကျင့်သတ် တာ တွေလည်း ရှိတယ်။ နောက်လူ ၇ ယောက်လောက် သတ်လိုက်တယ်လို့ ပြောတယ်။ သတ်ပြီးတော့ ရွာအိမ် က တချို့ကိုလည်း မီးရှို့တယ်တယ်လို့ ပြောတယ်။ အခုတော့ ချောင်းခွရွာကို ဝင်နေပြီ။ ဘာတွေလုပ်နေပြီ လဲ တော့ မသိဘူး။ အဲ့ထဲမှာ သေသွားတဲ့ တစ်ယောက်ကတော့ ခင်မောင်ဌေးတဲ့။ ကျန်တဲ့လူတွေတော့ မသိသေး ဘူး။ မိန်းကလေးတွေလည်း ပါတယ်။ အခုက ပြေးလွှားနေကြတော့ သေချာမပြောပြနိုင်သေးဘူး” ဟု ပြော သည်။

တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုးမရှိပဲ နယ်မြေရှင်းလင်းရေးရန်ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ကောင်စီ စစ် ကြောင်းက ဂန့်ဂေါမြို့နယ်အတွင်းက ရေရှင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ယခုကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းက နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံထားရပြီး အရေအတွက် အတိအကျကိုမူ စစ် ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသေးသည့်အတွက် မသိရသေးဘူးဟု ဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ “မနေ့က မနက်အစောကြီးကနေစပြီး ရေရှင်ရွာကို စစ်ကြောင်း စထိုးတာရှင့်။ အဲ့မှာ အစောကြီး သူတို့က သေနတ်တွေဖောက်ပြီးတော့ ဝင်တာ။ ရွာထဲမှာတွေ့တဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေကို ဖမ်းတယ်လို့ ပြောတယ်။ အဲ့မှာ ဖမ်းပြီးတော့ အမျိုးသားသုံးယောက်ကိုတော့ နေ့လည်ပိုင်း မှာပဲ သတ်လိုက်တယ်။ အမျိုးသမီး တစ်ယောက်ကတော့ မုဒိမ်းကျင့်ပြီး သတ်လိုက်တယ်လို့ ပြောတယ်ရှင့်။ အလောင်းတွေကတော့ ရွာထဲမှာပဲ ရှိသေးတယ်ရှင့်။ ကျမတို့တွေကလည်း စစ်ဘေးရှောင်နေရတော့ အဝေး မှာရှိနေတာဆိုတော့ သွားပြီးတော့ မကောက်နိုင်သေးဘူးရှင့်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

မုဒိမ်းကျင့်အသတ်ခံရသူမှာ အသက် ၂၆ နှစ်အရွယ် ရွှေဘိုကျေးရွာသူ တစ်ဦးဖြစ် ကလေးမိခင် တစ်ဦးဖြစ် သည် ဟု သိရသည်။ သူမအသတ်ခံရပြီးနောက် သူမ၏ ကလေးကျန်ရစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့အထိ ကျေးရွာအတွင်းအသတ်ခံထားရသည့် အလောင်းများကို သွား၍ မကောက် နိုင်သေးဘူးဟုလည်း သိရသည်။ ရေရှင်ရွာသားအချို့မှာ ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျန်ခဲ့ပြီး အချို့မှာ ဘေးလွတ်ရာနေများတွင် တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ “မနေ့က ဝင်ခဲ့တဲ့ ရေရှင်က ရွာသား ၂၁ ယောက်ကိုလည်း ဖမ်းသွားတယ်။ ပြီးတော့ သူတို့ကိုရှေ့မှာ လူသားဒိုင်းအနေနဲ့ ပြုပြီးတော့မှ အဲ့ဒီရေရှင်ရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ချောင်းခွရွာ ကို ဝင်လာတယ်။ သူတို့က နယ်မြေရှင်းလင်းရေးသဘောအနေနဲ့ ဝင်လာတာရှင့်။ တိုက်ပွဲကတော့ မဖြစ်ဘူး။ နယ်မြေခံတွေကတော့ ရှောင်နေကြတယ်ရှင့်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းက ဒေသခံရွာသား ၂၁ ဦးကို လူသားဒိုင်းကာအနေဖြင့် ဖမ်းဆီးသွားသည့်အပြင် ကလေး ငယ်နှစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောသည်။

ဂန့်ဂေါမြို့နယ်အတွင်းက ရေရှင်ကျေးရွာအပြင် ကျောက်ချပ်၊ ရွှေဘို၊ နှမ်းခါး၊ ကုန်းရွာ၊ မြင်သား၊ ချောင်းခွ၊ ရဲလှ၊ သာစည်နှင့် မွေ့လည်ကျေးရွာတို့တွင်လည်း စစ်ကောင်စီ၏ စစ်ကြောင်း ဝင်ရောက်လှုပ်ရှားလာသည့်အတွက် ရွာသားများက နီးစပ်ရာ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဓါတ်ပုံ – ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအတွင်းက နေအိမ်များ မီးရှို့ခံထားရသည့်ပုံ (CJ)