မြိတ်တွင် ဆီဈေး အနည်းငယ် ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

မြိတ်ခရိုင် မြိတ်မြို့ရှိစက်သုံးဆီ အရောင်းဆိုင်ကြီးများတွင် ဆက်တိုက်အတက်သာ ရှိခဲ့သည့် အောက်တိန်းဆီ ဈေးနှုန်းသည် 92 တစ်လီတာလျှင် ကျပ်ငွေ ၅၀၀ ခန့် ဈေးကျဆင်း သွားခဲ့သည်ဟု ဆီဆိုင်ရှင်များက ပြောသည်။

မြိတ်မြို့တွင် ယခင်က 92 အောက်တိန်းဆီ တစ်လီတာလျှင် ၂၅၅၀ ကျပ် အထိ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူခဲ့ကြ ရပြီး ဇူလိုင် ၈ ရက်နေ့မှ စတင်၍ ၂၀၅၀ ကျပ် ဈေးသာ ပေးရတော့သဖြင့် ၅၀၀ ကျပ်ခန့် ဈေးကျဆင်းသွားခြင်း ဖြစ်သည်။

အခြားလောင်စာဆီများဖြစ်သည့် 95 အောက်တိန်း တစ်လီတာလျှင် ၂၅၅၀ ကျပ်မှ ၂၁၇၀ ကျပ်သို့၎င်း၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၇၃၀ ကျပ် မှ ၂၃၅၅ ကျပ်သို့၎င်း အသီးသီးဈေးနှုန်းကျဆင်းသွားသည်ဟု မြိတ်မြို့ ရှိ စက်သုံးဆီရောင်းချနေသူ တစ်ဦးက ပြောသည်။

“ကျနော့်ဆိုင်မှာတော့ ဈေးနှုန်းကို သင့်တင့်အောင် အတတ်နိုင်ဆုံး သုံးစွဲသူတွေကို ငဲ့ပြီး ရောင်းချပေးပါတယ်” ဟု ပြောသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းထားသည့် လက်လီရောင်းချရမည့် သတ်မှတ် ဈေးနှုန်းများကို ဇူလိုင်လ ၇ ရက်နေ့ မှ စတင်၍ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီမှ ထုတ်ပြန် ကြေငြာခဲ့ပြီးနောက်ယခုကဲ့သို့ စက်သုံးဆီဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်ဟု သိရသည်။

မြိတ်မြို့တွင် တရားဝင်သိုလှောင် ရောင်းချခွင့်ရရှိထားသည့် ဆီဆိုင်ကြီး ၇ ဆိုင်ခန့်သာရှိပြီး ပုံမှန်ဈေးနှုန်းထက် အချို့ဆိုင်များတွင် တစ်လီတာလျှင် ၂၀၀ ကျပ် နီးပါးခန့်ဈေးတင်ရောင်းသည့် ဆိုင်များလည်းရှိနေသည် ဟု ဒေသခံများက ပြောသည်။

မြိတ်မြို့ စက်ဝင်းရပ်ကွက်နေ အသက် ၃၅ နှစ်ခန့်အရွယ် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက “ဆီဈေးကြီးလို့ တိုးတောင်းပြန်တော့ ခရီးသည်တွေက ငြီးညူပြီး သိပ်မစီးကြတော့ဘူးလေ။ ဘယ်အချိန် ဈေးပြန်တက်မလဲ တောင် စိတ်ပူနေရသေးတာ။ ရှေ့တိုးဖို့ နောက်ခဏဆုတ်တဲ့ ဈေးဖြစ်မှာ ကြောက်နေရ တယ်” ဟု ပြောသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီက တနင်္သာရီတိုင်း ထားဝယ်မြို့ အတွက် ရည်ညွှန်းသတ်မှတ်ထားသည့် လက်လီဈေးနှုန်းမှာ 92 တစ်လီတာ ၁၉၀၀ ကျပ်၊ 95 တစ်လီတာ ၂၀၂၀ ကျပ် နှင့် ပရီမီယံ ဒီဇယ်ဈေး ၂၂၆၅ ကျပ် မှ ၂၂၉၀ ကျပ် အတွင်းသာ ရောင်းချရန် ညွှန်ကြားထားသည်။

စက်သုံးဆီဝယ်ယူသုံးစွဲသူ မိဘပြည်သူများအနေဖြင့် ကျေနပ်မှုမရှိပါက ထုတ်ပြန်ကြေငြာချက် အတွင်းပါရှိသည့် ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားနိုင်သည်ဟုလည်း ဖေါ်ပြထားသည်။