မြစ်ကြီးနား ခရိုင် NLD အတွင်းရေးမှူး နေအိမ် ချိပ် ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။
မြစ်ကြီးနားခရိုင် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်၊ တရားလွတ်တော်ရှေ့နေလည်း ဖြစ်သည့် ဦးတင်ထွန်းသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သွားသည်ဟု သိရသည်။
ဦးတင်ထွန်းသိန်သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ပထမတစ်ကြိမ်ခံခဲ့ရဖူးပြီး လက်ရှိတွင်လည်း ထွက်ပြေး တိမ်းရှောင်နေရသူ ဖြစ်သည်။
“စကစ လား လုပ်မှာပဲ။ လူမတွေ့ရင် အိမ်သိမ်း၊ လူတွေ့ရင် လူဖမ်း နှိပ်စက် သတ်မယ်။ မတွေ့ရင် အိမ်ချိပ်ပိတ် မယ်။ တပ်ချင်တဲ့ ပုဒ်မ တပ်မယ် ဒါပဲ။ သူ့ဟာသူသာ အကြမ်းဖက်ပုဒ်မ တပ်နေတာ တကယ်က အဲ့ ပုဒ်မက သူ့ကိုတပ်ရမှာပါ။ ကျနော့်ကို အခုသေဒဏ် တောင်ပေးလို့ရတဲ့ ပုဒ်မတပ်ထားတယ်။ ဘာ ပုဒ်မမှ မတပ်တောင် သတ်ချင်တိုင်းသတ်နေတာ အမြင်ဘဲလေဗျာ” ဟု ဦးတင်ထွန်းသိန်း က နေအိမ်ချိတ်ပိတ်ခံရသည်နှင့် ပတ်သက်၍ ပြောသည်။
ထို့အပြင် ဦးတင်ထွန်းသိန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ တပ်ကာ တရားစွဲ ဆိုသည်ဟု ဦးတင်ထွန်းသိန်း က ပြောသည်။
ဦးတင်ထွန်းသိန်းသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ၏ အကျိုးဆောင်ရှေ့နေဖြစ်ပြီး စစ် ကောင်စီက ဖမ်းဆီးခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ ကို ဆန့်ကျင်ဆန္ဒပြသည့်အတွက် အရေးယူခံရသူများ၏ အမှုများကို အခမဲ့ ရှေ့နေလိုက်ပေးနေသူ ဖြစ်သည်။
NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး၊ တရားလွတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ကို ဇူလိုင် လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက် ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ရှိသည့် ဦးတင်ထွန်းသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲ တပ်ဖွဲ့ဝင်များက ကားများနှင့်ရောက်ရှိလာပြီး အိမ်တံခါးများကို သော့ဖျက် ဝင်ရောက်ကာ ချိပ်ပိတ်ကြောင်း ဗီနိုင်း ကပ်သွားခြင်း ဖြစ်သည်ဟု နီးစပ်သူအချို့က ပြောသည်။
မြစ်ကြီးနားမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်၏ နေအိမ်၊ ဖားကန့်မြို့ နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၊ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးအင်ထုံခါးနော်ဆမ်၊ NLD ပါတီမှ ဗန်းမော်မြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊
ကချင်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန် (ခ) ခန်လင် တို့ နေအိမ်များလည်း ချိပ်ပိတ်ခံထားရသည်။
ထို့အပြင် မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မိုးကောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မကြီး၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင် တို့၏ နေအိမ်များအပါအဝင် အရပ်သားပြည်သူများ၏ နေအိမ်အချို့လည်း စစ်တပ်က အာဏာသိမ်းပြီး နောက် ချိတ်ပိတ်ခံထားရသည်ဟု သိရသည်။
အလားတူ ဇူလိုင်လ ၈ ရက်နေ့က NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအာတီယောဟန်၏ မြစ်ကြီးနားမြို့က နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု မြို့ခံ အချို့ က ပြောသည်။