အင်းတော် ခြုံခိုတိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။

အင်းတော်-မန္တလေး ကားလမ်းမပေါ်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF အဖွဲ့များက တိုက်ခိုက်ရာ ဆီဘောင်ဆာကားတစ်စီး လက်နက်ကြီးကျည်ထိမှန်မီးလောင်ခဲ့သည့်အပြင် မဲဇာရှိ ရဲကင်းစခန်းတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီဘက်က အကျအဆုံးများသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်-မန္တလေး ကားလမ်းမပေါ်တွင် ဆီဘောင်ဆာကားတစ်စီး လက် နက်ကြီး ကျည်ထိမှန် မီးလောင်ရာမှာ အနီးရှိ ဆီပန့်ဆိုင်လည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံ တစ်ဦး က ပြောသည်။

“ဆီဘောင်ဆာက ကားတစ်စီး မီးလောင်ပြီးတော့ ဘေးနားလေးက ဆီပန့်ဆိုင်တစ်ဆိုင်ကို ကူးသွားတယ်။ ဟိန်း ဝဿန်ဆိုတဲ့ ဆီပန့်ဆိုင်ကို ကူးသွားတယ်။ ဒီမနက် အင်းတော် တော်လှန်ရေးအင်အားစုတွေနဲ့ အဲ့ဒီစစ်ကောင်စီ လမ်းလျှောက်လာတဲ့ ဥစ္စာပေါ့နော် လမ်းလျှောက်လာတဲ့ စစ်ကောင်စီ တပ်သား ၅၀ လောက်ကို တော်လှန်ရေး အင်အားစုတွေက ခြုံခိုတိုက်ခိုက်လိုက်တဲ့အခါ အဲ့မှာတင် ဆီဘောင်ဆာ ကားတစ်စီးရယ်၊ ဟိန်းဝဿန်ဆိုတဲ့ ဆီ ပန့်ဆိုင် လောင်သွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတာကတော့ သူတို့စစ်ကောင်စီဘက်က တက်လာတဲ့အင်အားက အယောက် ၅၀ လို့ကြားရတယ်။ အဲ့ဒီ ၅၀ စလုံးက အခြေအနေမကောင်းဘူးဆိုတဲ့ ဥစ္စာပေါ့နော်။ အလောင်း တွေက လမ်းဘေးမှာ လာမကောက်တဲ့သဘောမျိုး သိရပါတယ်။”

အခင်းဖြစ်ပွားသည် နေရာဟာ အင်းတော်-မန္တလေးကားလမ်းမပေါ်ရှိ မန်လည်လမ်းဆုံဟု လူသိများသည့် နေရာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

လမ်းပေါ်မှ ဖြတ်သွားတဲ့ ဆီကားထိမှန်မီးလောင်ပြီးနောက် မန်လည်လမ်းဆုံပေါ်ရှိ ဟိန်းဝဿန်ဆီပန့်ဆိုင်ကိုပါ မီးကူးသွာပြီး လောင်ကျွမ်းသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံ တစ်ဦး က “ဆီဘောင်ဆာကားက ကားလမ်းဖြတ်သွားတဲ့ ဆီဘောင်ဆာကားပေါ့နော်။ အဲ့မှာ စကစ တွေက အဲ့ဒီ ဟိန်းဝဿန်ဆိုတဲ့ ဆိုင်ထဲကို ဝင်ပြေးကြတယ်ဗျာ။ ဆီပန့်ဆိုင်ကို ဝင်ပြေးကြတဲ့အခါမှာ ဒီက ကျနော်တို့ အင်းတော် PDF တွေက ဆီပန့်ဆိုင်ကို ပစ်မိရင်းနဲ့ အဲ့လိုဖြစ်သွားကြတာပေါ့” ဟု ဆက် ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများသည်ဟု သိရသော်လည်း စာရင်း အတိအကျ ကို မသိရသေးဘူးဟု ဆိုသည်။ တိုက်ခိုက်မှုအတွင်း ထိမှန်ဒဏ်ရာရသူများနှင့် သေဆုံးသူများ ကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွှဲ ၃ နာရီကျော်အချိန်အထိ လာမကောက်သေးဘူးဟု ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၁၀ ရက်နေ့ အစောပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“တိုက်ပွဲအခြေအနေကတော့ မနက် ၄ နာရီကနေ စပြီးမှ မဲဇာစခန်းမှာ မဲဇာဆိုတာ အင်းတော်တိုက်နယ်လေ နော် အင်းတော်တိုက်နယ်၊ အဲ့ဒီမဲဇာရွာလေးမှာ P က သွားပြီးတော့ မဲဇာစခန်းကို ပစ်တယ်ဗျ။ သွားပစ်တဲ့အခါ မထင်မှတ်ပဲနဲ့ မဲဇာစခန်းမှာ ကင်းပုန်းတွေရော ဘန်ကာတွေရောပါ လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ အပြန် အလှန် ပစ်ခတ်ကြတယ်ဗျာ။ ပစ်ခတ်ကြတဲ့အခါ မနက် ၄ နာရီလောက်ကနေစပြီးမှ မနက် ၈ နာရီလောက်မှ နည်းနည်း အသံတွေ တိတ်သွားတယ်။ အဲ့လောက်မှ ပြီးသွားတယ်ပေါ့နော်။ ကျနော်တို့ P ရဲဘော်လေး ၃ ယောက်တော့ ဒဏ်ရာလေး ရသွားတယ်။ စစ်ကိုင်းတိုင်း အင်းတော် တိုက်နယ်ထဲက မဲဇာရဲစခန်းပေါ့ဗျာ။”

မဲဇာရဲစခန်း တိုက်ပွဲအတွင်း PDF များဘက်က ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကနဦးသတင်းများ ရရှိထား သော်လည်း စစ်ကောင်စီဘက်က အခြေအနေကိုမူ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မဲဇာရဲစခန်းအနီးတိုက်ပွဲနှင့် အင်းတော်-မန္တလေးကားလမ်းမပေါ်ရှိ မန်လည်လမ်းဆုံအနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရမှုတို့ကြောင့် အနီးအနားဝန်းကျင်က ဒေသခံရွာသားများနှင့် ခရီးသွားပြည်သူများက စိုးရိမ်နေကြသည်။

ထို့ကြောင့် ရွာသားအချို့က ဘေးလွတ်မည်ဟု ထင်သည့်နေရာများကို ခေတ္တတိမ်းရှောင်ရန် စီစဉ်နေပြီး အချို့က အခြေအနေကို စောင့်ကြည့်နေသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ – Indaw Revolution-IR