ရိုဟင်ဂျာ ၅၀ ကျော် ဧရာဝတီတိုင်းတွင် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အဝင်တွင် ကားပေါ်တွင် လိုက်ပါလာသည့် ရိုဟင်ဂျာ ၅၁ ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။
အဆိုပါကားသည် ရခိုင်ပြည်နယ် ဂွမြို့နယ်က ဗေဒါစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံဘဲမောင်းပြေးလာသည်ဟု ဆိုသော ရိုဟင်ဂျာ ၅၁ ဦးကို တင်ထားသည့်ကားဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်နေ့ က ပိတ်ဆို့ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
“ဂွဖက်ကနေ လှမ်းသတင်းပို့ထားလို့ ဒီဘက်ကနေ စောင့်ဖမ်းလိုက်တာ ကားတစ်စီးဘဲဖမ်းတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
ရခိုင်ပြည်နယ် မှ ဧရာဝတီတိုင်း အဝင် နယ်စပ်ဂိတ်ဖြစ်သည့် ဂွမြို့နယ်က ဗေဒါစစ်ဆေးရေးဂိတ်တွင် အစစ်ဆေး မခံဘဲ မောင်းပြေးလာသည့် ကား ၂ စီး ကို စစ်ကောင်စီ၏ နယ်မြေစိုးမိုးရေးတပ်ဖွဲ့ နှင့် ကုန်းပြင်နယ်မြေ ရဲတပ် ဖွဲ့တို့က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ကား ၂ စီးဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၅၁ ဦးကို ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်း အပိုင် မိဿ လင်ကျေးရွာအုပ်စု၊ စာဥစမ်းကျေးရွာအနီးတွင် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြော ပြချက်အရ သိရသည်။
ကား ၂ စီး အနက် ၁ စီးကို ဖမ်းမိပြီး ယင်းကားပေါ်မှ ရိုဟင်ဂျာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၀ ဦး၊ ကလေး ၂ ဦး တောလမ်းမှ ၂ ဦး အပါအဝင် စုစုပေါင်း ၅၁ ဦး ဖမ်းဆီးထားသည်ဟု ၎င်းကဆက်ပြောသည်။
အခြား ကား ၁ စီးကို ရေနံသာ – ဂွ ကားလမ်း မိုင်တိုင် အမှတ် ၉ နှင့် ၁၀ ကြား၌ ရပ်တန့်ထားသည့် ကားကိုသာ ဖမ်းမိပြီး ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက်သွားသည် ဟု ဆက်သိရသည်။
မူဆလင်လူငယ်များ လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦး က “ရခိုင် ရိုဟင်ဂျာ မူဆလင်တွေက မြန်မာပြည်ဖွားတွေပါ၊ ရခိုင်ဘက်မှာက နေရေးရှင်ရေး မလွယ်ကူကြဘူးလေ။ အဲ့ဒါကြောင့် အလုပ်အကိုင်အတွက် နေရာရွေ့ပြောင်း ကြရတာပါ” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း သို့ ရခိုင်ပြည်နယ်ဘက်မှ ဝင်ပေါက်တစ်ခုဖြစ်သည့် ရေနံ့သာ စစ်ဆေးရေးဂိတ်တွင် မေလ ၂၇ ရက်နေ့တုန်းကလည်း ရိုဟင်ဂျာ ၁၀၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ရေကြည်မြို့နယ် လူဝန်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများထံမှ သိရသည်။
မေလ ၂၇ ရက်နေ့က ရိုဟင်ဂျာ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၄၂ ဦး၊ ကလေး ၅ ဦး စုစုပေါင်း ၁၀၄ ဦးကို မြေ ကြီးတင်ယာဉ် ၄ စီးဖြင့် တင်ဆောင်လာစဉ် တွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။