ထောင်တွင်းတရားရုံးက သမဂ္ဂ ကျောင်းသူ တစ်ဦးကို ထောင် ၅ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။

ဧရာဝတီတိုင်း၊ မအူပင်တက္ကသိုလ်က တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ကျောင်းသူတစ်ဦးကို စစ်ကောင်စီ ၏ ဖျာပုံထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၅ နှစ်ချလိုက်သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံ မှ သိရသည်။

မအူပင် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မမျိုးသန္တာကျော်အား ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ စစ်ကောင်စီလက်အောက်ခံ ဖျာပုံထောင်တွင်း အထူးတရားရုံးက အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက “စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်လို့ တရားစွဲ ထောင်ချလိုက်တာ ပါ” ဟု ပြောသည်။

ထောင်ဒဏ် ၅ နှစ် ချခံလိုက်ရသည့် မအူပင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မမျိုးသန္တာကျော်သည် သင်္ချာ အထူးပြု တတိယနှစ် ကျောင်းသူတစ်ဦး ဖြစ်ပြီး ဘိုကလေးမြို့ ဇာတိဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် ဖျာပုံ ထောင် တွင် ချုပ်နှောင်ထားသည်မှာ ၁ နှစ်ခန့်ရှိနေပြီဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မမျိုးသန္တာကျော်ကို ဖျာပုံထောင်တွင်း တရားရုံးမှ ဇူလိုင် ၅ ရက်နေ့ က ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်း ဖြစ် သည်။

မအူပင် တက္ကသိုလ်၏ လူမှုရေး၊ ကျောင်းသားအရေး အသင်းအဖွဲ့ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်သူ တစ်ဦး ဖြစ်၍ ချစ်ခင်သည့်သူ များပြားသူ တစ်ဦးဖြစ်ကာ ရင်းနှီးသူများက မအသေးလေး ဟုခေါ်ကြကြောင်း မအူပင် တက္ကသိုလ် ကျောင်းသားကျောင်းသူ အချို့၏ ပြောပြချက်အရ သိရသည်။

“စစ်အာဏာရှင်က ၁၉၆၂ ကတည်းက သမိုင်းသွေးကြွေး ပြန်ဆပ်ဖို့ ရှိနေတော့ ကျောင်းသားတွေကို အသေ ကြောက်တယ်။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဖမ်းဆီး သတ်ဖြတ် ထောင်ချနေတာ” ဟု CDM တက္ကသိုလ် ဆရာတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မအူပင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသုတ နှင့် ရူပ ဗေဒ နောက်ဆုံး နှစ်ကျောင်းသူ မဆုမြတ်နိုးတို့ကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲထောင်ချခဲ့ သည်ဟု မအူပင်တက္ကသိုလ် သမဂ္ဂအဖွဲ့ဝင် အချို့ထံမှ သိရသည်။

ထို့အပြင် မအူပင်တက္ကသိုလ် မှ CDM လုပ်ထားသည့် ပါမောက္ခ၊ ဒု-ပါမောက္ခ၊ ကထိက နှင့် လက်ထောက် ကထိ က ၁၂၉ ဦးကိုလည်း နိုင်ငံဝန်ထမ်း ဥပဒေ ပုဒ်မ ၅၃ ပိုဒ်ခွဲ (ဇ) ဖြင့် အလုပ်တာဝန်များမှ ရပ်စဲ ခဲ့သည်ဟု စစ်ကောင် စီ၏ ၂၀၂၁ ခုနှစ် မေ ၂၀ ရက်နေ့ သတင်းပြန်ချက်အရ သိရသည်။