မိုးမိတ်ရှိ စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတစ်ခု ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ပိုင်းက တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မိုးမိတ်မြို့နယ် စဉ့်ကင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို SSPP နှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၅ နာရီအချိန်ဝန်းကျင်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပစ်သံကြားရတာတော့ ဆက်တိုက်ပဲ။ အကြာကြီးပဲ ပစ်နေကြတာ။ တစ်နာရီဝန်းကျင်လောက် ကြာတယ်။ အခု ဖြစ်တဲ့ဘက်က အရင်ကလဲ တိုက်ပွဲ ဖြစ်ဖူးတယ်” မိုးမိတ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်သံများလည်း ၁၀ ချက်ထက်မနည်း ကြားနေရသည်ဟု ဒေသခံများ က ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသည့် နေရာမှ မိုးမတ်မြို့နှင့် နာရီဝက်ဝန်းကျင်ခန့် အကြာ သွားရသည့် နေရာဖြစ်သည့်အတွက် တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့် ထိခိုက်ကျဆုံးမှု အခြေအနေများကို မသိရသေးဘူးဟု ရွာသားများက ပြောသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုကို ဆက်သွယ်မေးမြန်းရာ “ကျနော် တော့ မသိဘူးနော်။ အခု ဖြစ်တဲ့နေရာက ကျနော်တို့ SSPP အဖွဲ့တစ်ဖွဲ့တည်းပဲ ရှိတဲ့နေရာတော့ မဟုတ်ဘူး။ တခြားအဖွဲ့တွေလည်း ရှိတယ်ဆိုတော့ ဘယ်သူနဲ့ဖြစ်လဲ အတိအကျ ပြောလို့ရမသေးဘူး။ ကျနော်လည်း အခုက လမ်းပေါ်မှာဗျ” ဟု ပြောသည်။

ထိုတိုက်ပွဲသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။

ဇူလိုင်လ ၁ ရက်နေ့နှင့် ဇူလိုင် ၅ ရက်နေ့တို့တွင်လည်း စဥ့်ကင်းနှင့် ပင်ရှားကျေးရွာဘက်တွင် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါအနီးတဝိုက်တွက် ယနေ့အချိန်ထိ နှစ်ဖက်ကြား တင်းမာလျှက်ရှိသည်။

မိုးမိတ်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအန်း (ပလောင်) တပ်မ တော် (TNLA)၊ ကချင်လွပ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း သွား လာလှုပ်ရှားနေသည့် နယ်မြေတစ်ခုဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။