မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ်အနီးမှ လုံခြုံရေး ဂိတ် ဗုံးဖြင့် တိုက်ခိုက် ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

မန္တလေးမြို့ နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး UFL) ကျောင်း မြောက် ဘက်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ ဗုံးဖြင့်တိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က ၆၂လမ် ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ လုံခြုံရေး ဂိတ်ကို ဆိုင်ကယ်နှစ်စီးနှင့် အမျိုးသားနှစ်ဦးက ရောက်လာပြီး ဗုံးနှစ် လုံး ပစ်သွင်းခဲ့ကြရာမှ တစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“အခု မန္တ‌လေးမြို့မှာ ပြန်ဖွင့်နေကြတဲ့ တက္ကသိုလ်တွေထဲမှာ UFL ကျောင်းက အစည်ကားဆုံး ဖြစ်နေတာလေ။ CDM လုပ်ထားတဲ့ ဆရာမတွေက အဲ့ဒီမြင်ကွင်းတွေကို ရင်နာနာနဲ့ ကြည့်နေကြရတာ” ဟု အမည်မဖော်လိုသူ CDM ဆရာမတစ်ဦးက ပြောသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး UFL) ကျောင်း တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှု အပျက်အစီး ကြီးကြီးမားမား မရှိဘူးဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို Generation Z Power(GZP) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ (မန္တ လေး) က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇူလှိုင်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဇွန်လ ၂၁ ရက်နေ့ကလည်း အဆိုပါကျောင်းကို ဆိုင်ကယ်တစ်စီးနှင့် လာရောက်ဗုံးခွဲ တိုက်ခိုက်ခြင်းမျိုး ဖြစ်ပွားခဲ့ သေးသည်ဟု မြို့ခံများက ဆိုသည်။

ထိုကျောင်းသည် ယခုလဆန်းပိုင်းတွင် ကျောင်းပြန်တက်မည့်သူများ ကျောင်းလာအပ်နေကြခြင်း၊ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများ စာမေးပွဲလာ‌ရောက်‌ ဖြေဆိုနေကြခြင်းတို့ဖြင့် စည်ကားလျက်ရှိနေပြီး စစ်‌ကောင်စီကလည်း ကျောင်းဝန်းကျင်ကို လုံခြုံရေး အပြည့်ယူထားပေးသည်ဟု သိရသည်။

ထို့အပြင် မန္တလေး UFL ကျောင်းမှ ပါမောက္ခချုပ် ဒေါက်တာတင့်တင့် နှင့် ဒုတိယပါမောက္ခချုပ် ၃ ဦးတို့ အပါ အဝင် စုစု ပေါင်း ဆရာ/ဆရာမ အယောက် ၆၀ နီးပါးကို ယာယီတက္ကသိုလ်ကောင်စီမှ ဝန်ထမ်းအဖြစ် ထုတ်ပယ် ၍ အမည်ပျက် စာရင်းသွင်းထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန် ထားသည်။