ချောင်းဦးတွင် ခရီးသည်တင်ကား မိုင်းထိ၊ ခရီးသည် တစ်ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

ချောင်းဦးမြို့နယ်အတွင်း Express လေအိတ် ကားတစ်စီး မိုင်းထိမှန်ပြီး ခရီး သည် ၁ ဦး သေဆုံး၊ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ အနီးတွင် ဇူလိုင် ၁၁ ရက်နေ့ (ယမန်နေ့)၊ ညနေ ၆ နာရီ ကျော် အချိန်ခန့်က Express ကား တစ်စီး မိုင်းထိမှန်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညနေက ဖြစ်သွားတာပါ။ ရွှေသလ္လာ မှန်လုံယာဉ်ပါ။ တယောက်တော့ သေတယ်။ ကျန်တဲ့သူတွေ သိပ် မစိုးရိမ်ရပါဘူး” ဟု ဒေသခံ ပရဟိတ သမားတစ်ဦး က ပြောသည်။

အဆိုပါကား မိုင်းထိမှန်မှုတွင် ဦးငြိမ်းကိုအောင် ဆိုသည့် ခရီးသည် တစ်ဦး ထိခိုက်ဒဏ်ရာ ရပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဝါးတန်းကျေးရွာနှင့် ကျွန်းဖိုပင်ကျေးရွာ အကြားတွင် မုံရွာ-ရွှေဘို ခရီးသည်တင် Express ကားတစ်စီး မိုင်းထိမှန်ပြီး လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌သေး‌သည်ဟု လူမှုကူညီရေး အဖွဲ့များထံမှ သိရ သည်။

၂၀၂၁ ဇူလိုင်လ မှ ယခု နှစ် ဇူလိုင် ၁၁ ရက်နေ့ အထိ တစ်နှစ်တာအတွင်း မုံရွာ-မန္တလေး ကားလမ်းအပါအဝင် အဓိက မြို့ကြီးများသို့ ပြေးဆွဲလျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး၏ ကားလမ်းမကြီးများပေါ်တွင် မိုင်း ပေါက်ကွဲမှုဖြစ်စဉ်ပေါင်း အကြိမ်ရေ ရာနှင့်ချီရှိခဲ့ပြီး သေဆုံးသူမှာလည်း လူဦးရေ အယောက် ၂၀ ကျော် ထက် မနည်းရှိခဲ့သည်ဟု သိရသည်။