မွန်ဝန်ကြီးချုပ်ကို ထောင် ၂ နှစ် ထပ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့် ချ လိုက်သည်ဟု နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးသည်ဟု ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့သည်။
အဆိုပါအမှုအတွက် ဇူလိုင်လ ၁၁ ရက်နေ့က မော်လမြိုင်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချ လိုက်ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရတဲ့အမှုကို မနေ့ (ဇူလိုင် ၁၁ ရက်) က အမိန့်ချတယ်။ ၂ နှစ် အမိန့်ချ လိုက်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ဖမ်းဆီးခံရပြီးနောက် စွဲဆိုခံထားရသည့် အမှုများအတွက် ထောင် ဒဏ် ၂၃ နှစ် အချခံထားရပြီး ယခု ၂ နှစ် ထပ်မံ အမိန့်ချခံရသည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၅ နှစ် ချခံ ထားရသူ ဖြစ်သည်။
စစ်တပ် အာဏာသိမ်းစဥ်က မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
နောက်ပိုင်းတွင် ဖမ်းဆီးခံထားရသည့် ဝန်ကြီးများအားလုံးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာ အေးဇံ တစ်ဦးကို သာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ပုဒ်မ တစ်ခုပြီး တစ်ခုတပ်ကာ တရားစွဲဆိုခံ နေရခြင်း ဖြစ်သည်။