မိုးမိတ် ထွေအုပ်ရုံး ဗုံးကွဲ၊ စာရေးမ ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့၊ ခရိုင်ထွေအုပ်ရုံးတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ထွေအုပ်ရုံးစာရေး ဝန်ထမ်း အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြို့သစ်ရပ်ကွက်ရှိ ထွေအုပ်ရုံးမှ Duty ဂိတ်ထဲတွင် လက်ပစ်ဗုံးကွဲခြင်းကြောင့် ဂိတ်အတွင်းရှိတဲ့ စာရေးမ နှစ်ဦး ထိမှန်ခဲ့ခြင်း ဖြစ် သည်။
“သေလား မသေလားတော့ မသိဘူး။ ဒဏ်ရာပြင်းတယ် ပြောတယ်။ ဗုံးသံကလည်း အကျယ်ကြီးပဲ။ ဗုံးက ၃ လုံး ပေါက်တယ်လည်း ပြောကြတယ်။ လက်ပစ်ဗုံး ပစ်ထည့်သွားတာ တစ်လုံး။ ထောင်ထားတွေကော ကွဲတယ် တဲ့” ဟု မိုးမိတ်မြို့ တစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထွေအုပ် ရုံးစာရေး ဝန်ထမ်း အမျိုး သမီးနှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားသည်ဟု မြို့ခံများက ပြောသည်။
ဒဏ်ရာရသွားသည့် ထွေအုပ်ရုံးစာရေး အမျိုးသမီးနှစ်ဦးကို မိုးမိတ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရသည်ဟု သိရ သည်။
အလားတူ မိုးမိတ်မြို့နယ်အတွင်းရှိ စဥ့်ကင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတစ်ခု ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ပိုင်း က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသေးသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မြို့ထဲကလမ်းများတွင် အသွားအလာရှင်းလင်းနေပြီး စာသင်ကျောင်းက ကျောင်းသားများကိုလည်း ကျောင်းစောဆင်းပေးခဲ့သည်ဟု မြို့ခံများက ပြောသည်။