ရဲအရာရှိကြီး နေအိမ်များ CCTV တပ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ရှိ အရာကြီးများ၏ နေအိမ်များတွင် CCTV များတပ်ဆင်ကာ လုံခြုံရေးတိုးမြင့် ဆောင်ရွက်ထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
တိုင်းရဲတပ်ဖွဲ့မှူး၊ ဒု-တိုင်းရဲတပ်ဖွဲ့မှူး၊ တိုင်းဦးစီး ပထမတန်း အရာရှိ (စစ်ဦးစီး/စစ်ရေး/စစ်ထောက်ပိုင်းဆိုင်ရာ) နှင့် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ နေအိမ်၊ ခြံစည်းရိုးတို့တွင် CCTV များ ကို ဇွန်လနောက်ဆုံးအပတ် အတွင်း တပ် ဆင်ကာ လုံခြုံရေးတိုးမြင့်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
“အရင်တုန်းက အရာရှိအိမ်တိုင်းမှာ အစောင့် ရဲ ရှိပါတယ်။ ဒါပေမယ့် အခုခေတ်က အဲ့လောက်နဲ့ မရဘူးလေ။ ဒါ ကြောင့် ဝင်လမ်းထွက်လမ်းနဲ့ ခြံဝင်းအတွင်းကို CCTV တပ်ပြီး စောင့်ကြည့်ရတာ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦး က ပြောသည်။
ရဲအရာရှိကြီးများ၏ အိမ်များသည် ရဲတပ်ဖွဲ့ဝန်းအတွင်း ရှိမနေဘဲ မြို့မရပ်ကွက်ရှိ ရဲအရာရှိ ရိပ်သာများတွင် ရှိနေ သဖြင့် တိုက်ခိုက်ခံရနိုင်မှုများကို ကြိုတင် သိရှိ ကာကွယ်နိုင်ရန် အတွက် ယခုကဲ့သို့ CCTV တပ်ဆင်ကာ စောင့် ကြည့်ခြင်း ဖြစ်သည်ဟု အဆိုပါ ရဲဝန်ထမ်းဟောင်း က ဆက်ပြောသည်။
တိုင်းရဲတပ်ဖွဲ့မှူး နေအိမ်မှာ မြကျွန်းသာ အိမ်ယာစီမံကိန်းအဝင် လမ်းတွင်ရှိပြီး ဒု-တိုင်းတပ်ဖွဲ့မှူး နှင့် ခရိုင် ရဲတပ် ဖွဲ့မှူး နေအိမ်များမှာ ထောင်ကုန်လမ်း နှင့် သစ္စာလမ်းထောင့်တွင်ရှိသည် ဟု သိရသည်။
ပုသိမ်မြို့တွင် ရဲအရာရှိကြီးများ၏ အိမ်များ သာမက အမှတ်-၃ ရပ်ကွက် မဟာဗန္ဓုလလမ်း နှင့် မြကျွန်သာလမ်း ရှိ တိုင်းအဆင့် ဌာနဆိုင်ရာ အရာရှိကြီးများ အိမ်ယာတွင်လည်း CCTV များ တပ်ဆင်ထားပြီး ရဲတပ်သားများ က စောင့်ကြပ်ပေးထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ပုသိမ်မှာ က ရဲစခန်း နဲ့ စစ်တပ် ကင်းစခန်းကို ဗုံးခွဲတာ သေနတ်နဲ့ ပစ်တာတွေရှိခဲ့တော့ အရာရှိအိမ်တွေကို လည်း PDF တွေကလာ တိုက်မှာ စိုးရိမ်ပုံရတယ်” ဟု ပုသိမ်မြို့ခံ တစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ် အတွင်းက ပုသိမ်တစ်ဘက်ကမ်း သင်္ဘောကျဥ်း ရဲစခန်းကို ဗုံး ၂ ကြိမ်ခွဲခံရသည့်အပြင် ဘဏ်ရှေ့ရှိစစ် တပ်ကင်းစခန်း ဗုံးခွဲခံရမှုတွင်လည်း စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
ထို့အပြင် တိုင်းရဲတပ်ဖွဲ့ မှူး အိမ်ရှေ့လမ်းတစ်ဘက်ရှိ ယာဥ်ထိန်းရုံး ပစ်ခတ်ခံရပြီး ရဲ နှစ်ဦး သေဆုံးကာ ပုသိမ် ရေ ကြောင်း ရဲစခန်း ပစ်ခတ်ခံရမှုတွင် ရဲ နှစ်ဦး သေဆုံးခဲ့သည့်။
အဆိုပါ ပုသိမ်ရေကြောင်း ရဲစခန်း ပစ်ခတ်မှုအတွင်း ဒဏ်ရာဖြင့် ဖမ်းမိသည့် PDF တစ်ဦးကို စစ်ကောင်စီတပ်က သတ်ပစ်လိုက်သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။