စစ်တပ် သတင်းပေးဆိုသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
တနင်္သာရှိမြို့နယ်အတွင်း ကျေးရွာတရွာတွင် စစ်ကောင်စီ တပ်ဖွဲ့အား သတင်းပို့နေသည်ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ရွာသားများက ပြောသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စခန်းချ တပ်ထိုင်ထားသည့် နေရာကို မကြာခဏ ဝင်ထွက်သတင်းပို့နေသည် ဆိုသော ကိုအသေးလေး အသက် ၃၅ နှစ် မှာ စစ်တပ်ကို သတင်းပေးနေမှုများကြောင့် ပစ်သတ်ခံရ ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
“သူက ဒီရွာသားတော့ မဟုတ်ဘူး။ ရွာမှာ လာနေတာ နှစ်ပေါင်း မနည်းကြာပြီး ဆိုတော့ ရွာသားလိုဖြစ်နေပြီ။ ရွာ မှာ ဘယ်သူဘယ်ဝါ ဘာတွေလုပ်ကိုင်နေတာက အစ သူက နှံ့နှံ့စပ်စပ် အကုန်သိတယ်” ဟု အသက် ၄၅ နှစ် အရွယ် သိန္ဒောရွာသား တစ်ဦး က ပြောသည်။
ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သတင်းပေး ထောက်ပံ့တာမှုများ ဆက်လက်မပြုလုပ်ရန် ကိုအသေးလေး ကို အကြိမ်ကြိမ် သတိပေးစာများ ပေးပို့ခဲ့သော်လည်း ရပ်တန့်မသွားပဲ ဆက်လက်လုပ်ဆောင်နေသည်ကို စုံစမ်း တွေ့ရှိသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
ကိုအသေးလေးသည် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရွာသားများ၏ နေအိမ်များနှင့် ဈေးဆိုင်များကို ဖျက်စီးဝင်ရောက်ကာ စားသောက် ကုန်များနှင့် အဖိုးတန်ပစ္စည်းများ ယူကာ ရောင်းချတတ် သည့် အပြင် စစ်တပ်ကိုလည်း ရိက္ခာများ ရှာဖွေပေးနေသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိနေခြင်းကြောင့် ရွာသားများက ဘေးလွတ်သည့် နေရာများတွင် ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ယခုအခါ ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြသူ အနည်းငယ်သာရှိနေပြီး အများစုမှာ မြိတ်၊ တနင်္သာရီမြို့များ နှင့် အခြားဘေးလွတ်ရာများသို့ တိမ်းရှောင်နေကြဆဲ ဖြစ်သည်။
လက်ရှိ သိန္ဒောကျေးရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အယောက် ၅၀ ခန့်ဖြင့် စခန်းချ တပ်စွဲနေထိုင် လျက်ရှိနေသည် ဟု သိရသည်။