NLD ကိုယ်စားလှယ် အမှုမှ ကွင်းလုံးကျွတ် လွတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်သည် စွဲဆိုခံထားရသည့် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာသည်ဟု NLD ပါတီ အသိုင်း အဝိုင်းထံမှ သိရသည်။
ဒေါ်နွယ်နွယ်အောင်အပေါ် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ထောက်ပံ့သည်ဟု ဆိုကာ စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး သက်သေအထောက်အထား တစ်စုံတစ်ရာ မပါရှိ သည့်အတွက် မော်လမြိုင်မြို့နယ် တရားရုံးမှ ဇူလိုင်လ ၁၁ ရက်နေ့တွင် အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက် သည်ဟု NLD ပါတီနှင့် နီးစပ်သူ အချို့က ပြောသည်။
”ဒေါ်နွယ်နွယ်အောင်ကို စွဲဆိုထားတဲ့အမှုက သက်သေ အထောက်အထား မပါလို့ဆိုပြီး မော်လမြိုင်မြို့နယ် တရားရုံးကနေ အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်တယ်” ဟု NLD ပါဝင်တစ်ဦးက ပြောသည်။
ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်း ဆိုသည့် ကိစ္စရပ် များနှင့် ပတ်သက်သည်ဟု ဆိုကာ အောက်တိုဘာ ၂၇ ရက်နေ့ ညက မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ နေအိမ် တွင်ရှိနေစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် ပါတီဝင် အချို့ ဖမ်းဆီးခံရမှုများရှိခဲ့သည့်အပြင် အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အချို့ကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပတ်သက်မှုမရှိကြောင်း စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးပြီး နေအိမ်တွင် နေထိုင်နေကြသည် လည်းရှိကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်နွယ်နွယ်အောင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်သည်။