ဖျာပုံထောင်မှ နိုင်ကျဉ်း ၂၀ ကို မြောင်းမြထောင်သို့ ရုတ်တရက် ရွေ့ပြောင်း၊ မိသားစုများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
ဖျာပုံထောင်မှ ထောင်ကျ နိုင်ငံရေး အကျဥ်းသား အယောက် ၂၀ ကို စစ်ကောင်စီက မြောင်းမြထောင်သို့ ရုတ်တရက် ပြောင်းရွေ့လိုက်သည် ဟု သိရသည်။
ရုတ်တရက် ထောင်ပြောင်းခံလိုက်ရသူများထဲတွင် ထောင်ကျ နိုင်ငံရေး အကျဉ်းသား ဖျာပုံမြို့ နယ် မှ ၁၂ ဦး၊ ကျိုက်လတ်မြို့နယ်မှ ၃ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ် မှ ၅ ဦးတို့ အပြင် အခြားပြစ်မှုများဖြင့် ထောင်ကျ အကျဥ်း သား ၃၀ ဦးလည်းပါဝင်သည် ဟု ဆက်သိရသည်။
“ထောင်ပြောင်း ခံရတဲ့အထဲ အမျိုးသမီးမပါဘူး။ ဘယ်တုန်းက ဘယ်ကို ပြောင်းလိုက်သလဲ မေးတော့ ထောင် ဝန်ထမ်းတွေက ဟိုလိုလို ဒီလိုလို နဲ့ မရေမရာဖြေတယ်” ဟု နိုင်ငံရေးအကျဥ်းသား တစ်ဦး၏ ဇနီးဖြစ်သူက ပြော သည်။
ဇူလိုင် ၉ ရက်နေ့ က ပြောင်းရွေ့လိုက်ခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့မှ သိရခြင်းဖြစ်ပြီး ထောင်ပြောင်းခံရမည့် နိုင်ငံ ရေးသမားများ ကိုယ်တိုင် ကြိုတင်သိရခြင်း မရှိဘဲ ရုတ်တရက် ပြောင်းရွှေ့ခံလိုက်ရသည်ဟု ၎င်းက ဆက် ပြော သည်။
ပြောင်းရွေ့ခံရသည့် နိုင်ငံရေးအကျဥ်းသားအများစုမှာ ဖျာပုံခရိုင်အတွင်း နေထိုင်သူများဖြစ်ပြီး မြောင်းမြထောင် သို့ ပြောင်းရွှေ့ခံလိုက်ရသဖြင့် မိသားစုဝင်များက ထောင်ဝင်စာပို့ရန် အခက်အခဲများ ပိုဖြစ်လာသည်ဟု နိုင်ငံရေး အကျဉ်းသမားများ၏ မိသားစုဝင်များ က ပြောသည်။
“မြောင်းမြဆိုတော့ ကားနဲ့ ဆိုရင်တောင် ၆ နာရီ အနည်းဆုံး မောင်းရတယ်။ ထောင်ဝင်စာ တစ်ကြိမ်ပို့ဖို့ကို အသွား အပြန် ၁၂ နာရီကြာသွားတယ်။ ထောင်ဝင်စာ ပစ္စည်းအပ်ဖို့ အစစ်ခံဖို့စောင့်ရတဲ့ အချိန်မပါသေးဘူး” ဟု အကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦး က ပြောသည်။
နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များမှာ ထောင်ဝင်စာတွေ့ရန်နှင့် ထောင်ဝင်စာပို့ရန် စားစရာနှင့်ပစ္စည်းများ၊ လမ်းစရိတ်နှင့် တည်းခိုစရိတ်တို့အတွက် ငွေကြေးများ ပိုမိုကုန်ကျမည်ဟု ၎င်းက ဆက်ပြောသည်။
“နိုင်ငံရေးအမှုနဲ့ ထောင်ကျပြီးဆိုရင် ကိုယ်နေတဲ့ ဒေသနဲ့ဝေးတဲ့ နေရာက ထောင်တွေ ပို့တာ စစ်အာဏာရှင် ဗိုလ် နေဝင်း အာဏာသိမ်းကတည်းပါပဲ။ နှိပ်စက်နည်းတစ်မျိုးပေါ့” ဟု အသက် ၇၆ နှစ်အရွယ်ရှိ နိုင်ငံရေး အကျဥ်း သားဟောင်း တစ်ဦးက ပြောသည်။
မြောင်းမြအကျဉ်းထောင်တွင် ထောင်ဝင်စာပို့ခွင့်ကို တစ်လလျှင် ၃ ကြိမ် ပို့ခွင့်ရသော်လည်း နိုင်ငံရေး အကျဥ်း သားများနှင့် ထောင်ဝင်စာ တွေ့ခွင့် မရနိုင်ဘူးဟု မြောင်းမြ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး ပြောပြချက် အရ သိရသည်။
ဧရာဝတီတိုင်းအတွင်း၌ ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ စသည့် အကျဥ်းထောင် ၅ ခု ရှိသည့် အနက် ဖျာပုံထောင်သည် မအူပင်ထောင်နှင့် အနီးဆုံးဖြစ်သည်ဟု အကျဥ်းဦးစီးဌာနထံမှ သိရသည်။