သားဖြစ်သူကို PDF ဟု စွပ်စွဲကာ မိဘများအိမ်ကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းတွင် သားဖြစ်သူကို PDF ဟု စွပ်စွဲကာ မိဘများ နေထိုင်သည့် အိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ချိပ်ပိတ်လိုက်သည်ဟု သိရသည်။

ကြံခင်းမြို့နယ် ဘက်ရဲမြို့အပိုင် ခုံကြီးကျေးရွာရှိ ဦးကုလား နှင့် ဇနီး ဒေါ်ဌေးဝင်းတို့ ၏ နေအိမ်အား ရဲတပ်ဖွဲ့က လာရောက်ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သားဖြစ်တဲ့သူက PDF အဖွဲ့ဝင် ဆိုပြီး အိမ်ကို လာပြီးမွှေနှောက်ရှာတယ်။ ပြီးတော့ အိမ်ကို ဓာတ်ပုံရိုက်တယ်။ ချိပ်ပိတ်တယ်ဆိုပြီး နယ်ထိန်းက ပြောတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဘက်ရဲ မြို့မရဲစခန်းမှ နယ်ထိန်း သိန်းတန် ဦးဆောင်သော အဖွဲ့က ဇူလိုင်လ ၁၂ ရက်နေ့၊ နေ့လည်ပိုင်းတွင် ဦးကုလားနှင့် ဇနီးဒေါ်ဌေးဝင်း ပိုင်နေအိမ်အား လာရောက်ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ အိမ်ချိပ်ပိတ်ခံလိုက်ရသဖြင့် အိမ်ပိုင်ရှင် မိဘနှစ်ဦး နှင့်ကျန်မိသားစုဝင်များမှာ နေထိုင်ရေး အခက်အခဲရှိ နေပြီး ဆွေမျိုးတစ်ဦး၏ နေအိမ်တွင် ခေတ္တယာယီ ရွှေ့ပြောင်းနေထိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

PDF ဟု စွပ်စွဲရခံသည့် ဦးကုလား နှင့် ဒေါ်ဌေးဝင်းတို့၏ သားဖြစ်သူမှာ ရပ်ရွာအရေး၊ လူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် ၎င်းအားလာရောက် ဖမ်းဆီးချိန် ၂၀ ၂၁ ခုနှစ် ဇူလိုင်လဝန်းကျင် ကတည်းက နေအိမ်မှ ထွက်ပြေး တိမ်းရှောင်နေရသူ ဖြစ်သည်ဟု သိရသည်။

“စစ်တပ်က ချိပ်ပိတ်လိုက် ရဲ နယ်ထိန်းကချိပ်ပိတ် လိုက်နဲ့ လုပ်ရပ်တွေက ကြားရ မြင်နေရတာ ဗရမ်းဗတာ လုပ်ရပ်တွေချည်းဘဲ” ဟု ကြံခင်းမြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ ပြည်သူများ၏ နေအိမ်များကို ချိပ်ပိတ်နေသည့် လုပ်ရပ်များမှာ လုပ်ထုံးလုပ်နည်း ဥပဒေ နှင့် မညီညွတ်သည့် လုပ်ရပ်ဖြစ်သည်ဟု ဧရာဝတီတိုင်း ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တစ်ဦး က မှတ်ချက်ပြု ပြောဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ အပါအဝင် အမတ်အချို့၊ ပရဟိတ ခေါင်း ဆောင် အချို့ နှင့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဝရမ်းထုတ်ခံရသော နိုင်ငံရေးတက်ကြွလှုပ် ရှားသူများ၏ရုံး၊ ဆေးခန်း၊ အခမဲ့စာသင်ကျောင်း၊ နေအိမ်၊ ခြံ၊ ဆိုင်၊ ကားနှင့် ပိုင်ဆိုင်မှုများအား စစ်ကောင်စီ၏ ချိပ်ပိတ်သိမ်းဆည်းမှုမှာ အမှုပေါင်း ၁၀၀ ကျော်ခန့် ရှိနေပြီဟု လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက် ၏ စာရင်းများအရ သိရသည်။

ထိုသို့ စစ်ကောင်စီက ချိပ်ပိတ်သိမ်းမှုလုပ်ရပ်များနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကန့်ကွက် ရှုတ်ချထားပြီး ချိပ်ပိတ်ခံရသူများအနေဖြင့် NUG အစိုးရထံ အမှုဖွင့်တိုင်ကြားကြရန် ယခုနှစ် အစောပိုင်းက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ပုံဟောင်း (PDF ဟု ဆိုကာ မိဘများ၏ မြောင်းမြမြို့ အတွင်းက နေအိမ်များကို ချိပ်ပိတ်ခဲ့သည့်ပုံ)