ကယန်း ကိုယ်ထူကိုယ်ထ ကျောင်းများကျောင်းသား ၂ ဆ တိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

ကယန်းဒေသရှိ ကိုယ်ထူကိုယ်ထ ကျောင်းများတွင် ဇူလိုင်လ အတွင်း ကျောင်းသား နှစ်ဆ ကျော် တိုးလာသည်ဟု စာသင်ကြားပေးနေသည့် CDM ဆရာမများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ ကျောင်းများတွင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ပညာရေးဘုတ်အဖွဲ့မှ ကျောင်းသားများကို အတန်း တင်ပေးလိုက်ခြင်းကြောင့် ကျောင်းအပ်သူဦးရေ တိုးလာခြင်းဖြစ်သည် ဟု CDM ဆရာမများက ပြောသည်။

ကယန်းဒေသရှိ ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းတွင် စာသင်ပေးနေသည့် CDM ဆရာမ မမီးမီးက “အစ ကတော့ KNEC ဘက်က ကျောင်းသားတွေကို အတန်းတင်မပေးဘူးပေါ့။ အခု NUG ပညာရေး ဘုတ်အဖွဲ့က အတန်းတင်ပေးမယ်ဆိုတော့ ကျောင်းအပ်တဲ့သူ များလာတယ်။ အခုကျမတို့ ကျောင်းမှာဆိုရင် ကျောင်းသား ၃၀၀ ကျော်ကနေ ဒီလထဲ ၈၀၀ နီးနီးလောက် ဖြစ်လာပြီ။ အထက်တန်း တစ်ခုတည်းကို ၃၀၀ ကျော် လောက် ရှိမယ်။ ဆရာအင်အားက ၃၄ ယောက်ဆိုတော့ အားနည်းနေသေးတယ်” ဟု ပြောသည်။

ပထမလဝက်တွင် ကယန်းပညာရေးဘုတ်အဖွဲ့နှင့် NUG ပညာရေးဘုတ်အဖွဲ့တို့အကြား ကယန်းဒေသရှိ ကျောင်း များက ကျောင်းသူ/သားများကို အတန်းတင်ပေးရေးကိစ္စ သဘောထားကွဲလွှဲမှုများ ရှိခဲ့ရာမှ အဆင်ပြေသွားပြီး နောက် ယခုကဲ့သို့ ကျောင်းအပ်သူဦးရေ ထပ်တိုးလာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ လဝက်လောက်တုန်းက ကယန်းပညာရေးဘုတ်အဖွဲ့ KNEC နဲ့ NUG ပညာရေးဘုတ်အဖွဲ့တို့ သဘော ထား ကွဲလွဲကြတယ်ပေါ့။ အဲဒီတော့ ဆရာမတွေနဲ့ ကျောင်းသားတွေလည်း ဘယ်ဘက် လိုက်ရမလဲ ဖြစ်တယ် ပေါ့။ ဒီလမှာတော့ အဲဒါတွေ အဆင်ပြေသွားပြီ။ လတ်တလောမှာတော့ KNEC ဘက်က NUG ကိုယ်စား နာမည် ခံ ပေးမယ်ပေါ့” ဆရာမ မီးမီးက ဆက်ပြောသည်။

ကယန်းဒေသ ကိုယ်ထူကိုယ်ထ ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာသော်လည်း ဆရာ/ဆရာမ ဦးရေ လုံလောက်မှု မရှိခြင်းကြောင့် NUG ပညာရေး ဘုတ်အဖွဲ့က ရက်တို သင်တန်းပေး၍ စေတနာ့ ဝန်ထမ်း (Volunteer) များအား ခေါ်ယူသွားမည်ဟု သိရသည်။

အဆိုပါ ဆရာဖြစ် ရက်တို သင်တန်းကို လာမည့် ဇူလိူင်လ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့တို့တွင် ပီကင်းဇုန်ကျောင်း ၌ သင်ကြားပေးမည်ဟု ဆိုသည်။

ထို့အပြင် NUG ပညာရေးဘုတ်အဖွဲ့မှ စေတနာ့ဝန်ထမ်း (Volunteer) များ ခေါ်ယူရာတွင်လည်း ဘွဲ့ရအဆင့်၊ တက္ကသိုလ် သင်ကြားနေဆဲအဆင့်နှင့် ဆယ်တန်းအဆင့်ဟူ၍ ၃ မျိုးသတ်မှတ်ပြီး သင်တန်းပေးသွားမည်ဟု သိရ သည်။

ကယန်းဒေသအတွင်းရှိ ကိုယ်ထူကိုယ်ထ ကျောင်းများမှာ ယခင် အထက်တန်းကျောင်း တစ်ကျောင်းသာ ရှိခဲ့ရာမှ ယခုလ အတွင်း ၄ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်ဟုလည်း သိရသည်။

ယခု လက်ရှိတွင် ကယန်းဒေသ အတွင်း၌ ပီကင်းဇုံ၊ တီးကျိတ်ဇုံနှင့် ကျေးကတာ့ဇုံ ဟူ၍ ဇုံ ၃ ဇုံ သတ်မှတ်ကာ ကျောင်းများ ဖွင့်လှစ်ထားပြီး ကျောင်းအားလုံးပေါင်း ၅၀ နီးပါးနှင့် ကျောင်းသား အရေအတွက်မှာ တစ်သောင်း ကျော်ခန့် ရှိမည်ဟု ဆရာ/ဆရာမများက ဆိုသည်။

ကယန်းဒေသ ကိုယ်ထူကိုယ်ထ ကျောင်းများတွင် ယမန်နှစ်က အလှူရှင်များရှိသောကြောင့် ပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများကို ကျောင်းသားများ အခမဲ့ရကြသော်လည်း ယခုစာသင်နှစ်တွင် ဗလာစာအုပ်များပင် ရေး စရာမရှိဘူးဟု ဆရာ/ဆရာမများက ပြောသည်။

လတ်တလောတွင် NUG အစိုးရဘက်ကလည်း စစ်အသုံးစရိတ်များပင် ခက်ခဲနေသောကြောင့် ဆရာ/ဆရာမများ အတွက် ထောက်ပံ့ကြေးကိုလည်း KNEC ဘက်မှ တစ်ဦးလျှင် တစ်လ ကျပ်တစ်သိန်းစီ ကူညီထားရသည်ဟု သိရ သည်။