အထက်မြန်မာပြည် စစ်ပွဲများကြောင့် ညောင်ရွှေ ခရမ်းချဉ် ဈေးကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ခရမ်းချဉ်သီးများ ဈေးဆက်တိုက် ကျဆင်း နေ၍ စိုက်ပျိုးသူ ဒေသခံများ အရှုံးပေါ်နေကြသည်။

ယခင် ခရမ်းချဉ်သီး တင်ပို့နေကျ နေရာများဖြစ်သည့် အထက်မြန်မာပြည် စစ်ကိုင်း၊ မန္တလေးနှင့် ကချင် ပြည်နယ် ဘက်တို့တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် လမ်းခရီးသွားလာရေး အဆင်မပြေမှုကြောင့် တင်ပို့နိုင်ခြင်း မရှိ သည့်အတွက် ဈေးများ ကျဆင်းလာရခြင်းဖြစ်သည် ဟု အင်းလေးဒေသရှိ စိုက်ပျိုးသူများက ပြောသည်။

အင်းလေးဒေသ လင်းကင်းကျေးရွာရှိ ခရမ်းချဉ်သီး စိုက်ပျိုးသူ မောင်သန့်ဇင် က “စစ်တွေ ဖြစ်နေတော့ တင်ပို့ လို့ မရတော့ဘူး။ အဲဒီတော့ ခရမ်းချဉ်သီး အများကြီး ပုံနေတယ်။ ပွဲရုံတွေက မဝယ်တော့ဘူး။ ပြီးတော့ ကုန်း ပေါ် ဒေသမှာ စိုက်ပျိုးသူများလာတယ်။ အဲဒီတော့ အင်းသီးတွေက ဈေးကောင်းရုံပဲ ရှိသေးတယ်။ ကုန်းသီး အများကြီး ထွက်လာတော့ ဈေးကျသွားတယ်။ ဒီနှစ်တော့ အများကြီး ရှုံးတယ်။ တချို့တွေ စိတ်ပျက်ပြီး အပင် တွေကို ပစ်ထားလိုက်ကြပြီ” ဟု ပြောသည်။

ရှမ်းပြည်နယ်တွင် စိုက်ပျိုးသည့် ခရမ်းချဉ်သီးများအနက် အင်းလေးဒေသရှိ ရေပါ် ကျွန်းမျှော စိုက်ခင်းများတွင် စိုက်ပျိုးသည့် အသီးများကို ရေသီးဟု ခေါ်ဆိုကြပြီး အောင်ပန်း၊ ပင်းတယ စသည့် တောင်ပေါ် ဒေသများတွင် စိုက်ပျိုးသော အသီးများကို ကုန်းသီးဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ခရမ်းချဉ်သီးများမှာ ၃၁ ပိဿာပါ ၁ တင်း အိတ်တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ မှ ကျပ် ၁၅,၀၀၀ ထိ ကျဆင်းခဲ့ပြီး၊ ယခုလအစတွင် ကျပ် ၁၀,၀၀၀ အထိသို့ ထပ်မံ ကျဆင်းခဲ့ရာ ယခု ဇူလိုင်လ ဒုတိယ အပတ်တွင် ကျပ် ၆,၀၀၀ သာ ဈေးရတော့သည်ဟု သိရသည်။

ထိုသို့ ၁ တင်းအိတ် တစ်အိတ်လျှင် ၆,၀၀၀ ကျပ် ဈေးသာရရှိသောကြောင့် စိုက်ပျိုးသူများမှာ လစဉ် ၃ သိန်းခန့် အလုပ်သမားခ အရှုံးပေါ်နေရသည်ဟု သိရသည်။

ထို့အပြင် နိုင်ငံအဝန်း ကုန်ဈေးနှုန်းများ မြင့်တက်လျှက်ရှိရာ မြေဩဇာ ဈေးနှုန်းမှာလည်း ယခင် ကျပ် ၅၀,၀၀၀ မှ ယခု ကျပ် ၁၀၀,၀၀၀ ကျော်အထိ ပေးဝယ်ရသောကြောင့် စိုက်ပျိုးရေး ကုန်ကျစရိတ်များပြီး ဆုံးရှုံးမှုများနေ ရခြင်း ဖြစ်သည်ဟု ပြောသည်။

အင်းလေးဒေသထွက် ခရမ်းချဉ်သီးများကို စက်လှေဖြင့် ညောင်ရွှေမြို့သို့ ပို့ဆောင်သည့် အခါတွင်လည်း စက် လှေခမှာ ယခင် တစ်အိတ်လျှင် ၄၀၀ ကျပ် မှ ယခု ၅၀၀ ကျပ်သို့ ဈေးတက်လာသောကြောင့် တစ်ခေါက် ပို့ ဆောင်ပါက အနည်းဆုံး ကျပ် ၆,၀၀၀ ခန့် ပိုကုန်ကျနေ၍ စိုက်ပျိုးသူများ စိတ်ညစ်နေကြသည်။

အင်းဒေသထွက် ရေပေါ် ခရမ်းချဉ်သီးများမှာ ယမန်နှစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့် အစောပိုင်း ကာလတွင် လည်း ယခုကဲသို့ ၁ တင်း အိတ်တစ်အိတ်လျှင် ကျပ် ၆,၀၀၀ အထိ ဈေးကျဖူးသည်ဟု သိရသည်။

လတ်တလောတွင် အင်းလေး‌ဒေသထွက် ခရမ်းချဉ်သီးများမှာ အင်းလေးဈေးများတွင် တစ်ပိသာလျှင် ၁၀၀ ကျပ် အထိ ဈေးနှုန်း ကျဆင်းနေသည်ဟု သိရသည်။ သို့သော် မြို့တော်တောင်ကြီးတွင် စက်သုံးဆီဈေး မြင့်၍ သယ် ယူစရိတ် ကြီးမားမှု၊ အလုပ်သမားခ၊ တစ်ဆင့်ပွဲစား စသည်တို့ကြောင့် တစ်ပိသာ ၈၀၀ ကျပ်မှ ၁,၀၀၀ ကျပ် အထိ ပေါက်ဈေး ရှိနေသည်ဟု ခရမ်းချဉ်သီးစိုက် တောင်သူများက ပြောသည်။

အင်းလေးဒေသထွက် ခရမ်းချဉ်သီးများမှာ ဈေးကောင်းသည့် အချိန်တွင် ၁ တင်းအိတ် တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ အထိ ပေါက်ဈေးရှိပြီး ဈေးသင့်သည့် အချိန်တွင် ကျပ် ၂၀,၀၀၀ ဝန်းကျင် ပေါက်ဈေးနှင့် ဈေးကျသည့် အချိန်တွင် ကျပ် ၁၀,၀၀၀ ခန့် အထိ ရရှိသည်ဟု သိရသည်။

အင်းလေးဒေသတွင် ခရမ်းချဉ်သီးများကို ဇန္နဝါရီလမှ စတင်ကာ တစ်နှစ်ပတ်လုံးအတွင်း ၂ ကြိမ် စိုက်ပျိုးကြပြီး ရေပေါ် ကျွန်းမျှောများတွင် အတန်းလေးများဖြင့် ပုံဖော်ကာ စိုက်ပျိုးကြခြင်း ဖြစ်သည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရွာပေါင်း ၄၀၀ ကျော်ရှိကြပြီး ရေပေါ်တွင် တည်ဆောက်ထားသည့် ကျေးရွာ ပေါင်း ၄၀ ကျော် က ဒေသခံအခေါ် ရေပေါ် ခရမ်းချဉ်သီးများကို စိုက်ပျိုးကြခြင်းဖြစ်သည်။