ကျောက်တော် ဒေသခံ ၃ ဦးကို စစ်ကောင်စီ အမှုဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စစ်ကောင်စီက ဒေသခံ အရပ်သား သုံးဦးကို စစ်တပ်အရာရှိအား ပုန်ကန်စေခြင်း သို့မဟုတ် လုပ်ငန်းပျက်ကွက်စေခြင်း နှင့် ဆိုင်သော ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုထားသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေ သည့်အပြင် ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုကာ ဒေသခံ ၃ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည်ဟု ကျောက်တော် ဒေသခံများက ပြောသည်။
ကျောက်တော်မြို့တွင် ဇွန်လ တတိယအပတ်က အမျိုးသမီး ၄ ဦးအပါအဝင် လူ ၇ ဦးတို့ကို ဖမ်းဆီးသွားပြီးနောက် ၎င်းတို့အထဲက ၃ ဦးကို စစ်တပ်က တရားစွဲဆိုထားခြင်း ဖြစ် သည်။
“ဖမ်းဆီးခံထားရတာ ၆ လပိုင်း ၂၁ ရက်နေ့က ၇ ဦး ရှိတယ်။ ၃ ဦးကို တရားစွဲပြီးတော့ နောက်အမျိုးသမီး ၄ ဦး ကို ပြန်လွှတ်ပေးခဲ့တာပါ။ တရားစွဲခံရတဲ့ အမျိုးသား ၃ ယောက်မှာတော့ အကုန်လုံးက ပုဒ်မ ၅၀၅-က နဲ့ အဲ့ဒီ ပုဒ်မနဲ့ အမှုဖွင့်ခံထားရတယ်။ အိန္ဒိယသုံးဘီးမောင်းတဲ့ ဦးကျော်သန်းမောင်ကိုတော့ ပ-၁၀/၂၀၂၂၊ ကိုဇော်မိုး ထက်ကိုကျတော့ ပ-၁၁/၂၀၂၂၊ လူထုဇော်ဝင်း ခေါ် ကိုဇော်ဝင်းကျတော့ ပ-၁၂/၂၀၂၂ အကုန်လုံး ၃ ယောက်လုံး က ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတာပေါ့” ဟု ကျောက်တော်မြို့ခံ တစ်ဦးက ပြောသည်။
တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုံးချိန်း ထပ်မံချိန်းထားသည် ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။
ဇွန်လ ၂၁ ရက်နေ့က စစ်အင်အား အလုံးအရင်းဖြင့် ဖမ်းဆီးခံလိုက်ရသည့် ကိုဇော်ဝင်းကို ဇူလိုင် ၁၃ ရက်နေ့တွင် တကြိမ်ရုံးချိန်းပြီးနောက် ယခုကဲ့သို့ နောက်တပတ်သို့ ရုံးချိန်းပြောင်းလိုက်ခြင်း ဖြစ်သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
“ကိုဇော်ဝင်းကို ဒီလ ၁၃ ရက်နေ့က ကျောက်တော်တရားရုံးမှာ ရုံးချိန်းတယ်။ ပြီးတော့ ဒီလ ၂၁ ရက်နေ့ကို ဆက်ပြီးတော့ ရုံးချိန်းလိုက်တယ်။ အဲ့ဒါ ၆ လပိုင်း ၂၁ ရက်နေ့က ၁၀ နာရီဝန်းကျင်ခန့်မှာပေါ့ စစ်တပ်က တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး ကိုယ်တိုင် ဦးစီးပြီးတော့ သူ့ကိုဖမ်းသွားတာ အိမ်ထဲဝင်ပြီးတော့လေ။ ဖမ်းသွားပြီးတော့ ၁၅ ရက် တိုင်တိုင် အဲ့ဒီစစ်တပ်မှာပဲ မျက်နှာတွေဘာတွေစွပ်ပြီးတော့ သူ့ကို စစ်ဆေးမေးမြန်းတာတွေ ရှိတာ ပေါ့။”
လူထုဇော်ဝင်း (ခေါ်) ကိုဇော်ဝင်းကို ဗိုလ်ကြီးကိုကိုအောင်က တရားလိုလုပ်ကာ တရားစွဲဆိုထားပြီး ဦးကျော်သန်း မောင်ကို ဗိုလ်ကြီးမောင်မောင်နိုင်နှင့် ကိုဇော်မိုးထက်ကို ဗိုလ်ကြီးဝေယံစိုးက တရားလိုလုပ်ကာ အမှုဖွင့် တရားစွဲဆိုခဲ့ ခြင်း ဖြစ်သည်ဟု သိရသည်။
ကျောက်တော် ဒေသခံတစ်ဦးက “၆ လပိုင်း ၃၀ ရက်နေ့ကကျတော့ ကျောက်တော်မြို့နယ်က ဖမ်းဆီးသွားတဲ့ လူ ၃ ဦးကို ဗိုလ်ကြီးတစ်ဦးတစ်ဦး စီက ကိုယ်စီအမှုဖွင့်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်တယ်။ လူကိုယ်တိုင်တော့ မပါဘူးပေါ့။ ၇ လပိုင်း ၄ ရက်နေ့ကျမှ လူကိုယ်တိုင်ရဲစခန်းကို လာပို့တာ” ဟု ပြောသည်။
ခေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်း ကျေးရွာက ကိုဇော်မိုးထက်ကို ရက္ခိုင့်တပ်တော် AA ၏ ၁၃ နှစ်မြောက် ဓါတ်ပုံတစ်ပုံစီနှင့် ပတ်သက်၍ စစ်တပ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အလားတူ ကိုဇော်ဝင်းအား ၂၀၁၇ ခုနှစ်က စတင်၍ AA ကို အားပေးအားမြှောက် ပြုလုပ်ခြင်း၊ စစ်တပ်အား ပြည် သူလူထုမှ ယုံကြည်မှုကျဆင်းအောင် စာရေးသားလှုံဆော်ခဲ့သည်ဟု အကြောင်းပြ၍ တပ်မတော် အကြည်ညို ပျက်စေမှုနှင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“အဓိကတော့ AA နဲ့ ဆက်စပ်တဲ့ သံသယနဲ့ပေါ့။ ဒါပေမယ့် သူတို့ အမှုဖွင့်တဲ့လူ ၃ ဦး စလုံးဟာ ဘာမှ မဆက်စပ် ပါဘူး။ လက်နက်ကိုင်အချင်းချင်း ဖြစ်တဲ့ပြဿနာမှာ လက်နက်ကိုင်ကိုပဲ အချင်းချင်း ဖြစ်စေချင်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူလူထုတွေကိုကျတော့ အခုလိုလုပ်သွားတာ အခုလို ဖမ်းဆီးပြီးတော့ မတရားနှိပ်စက်တယ် အဓမ္မ အမှုပေါ်ပေါက်အောင် လုပ်တယ်။ ခြိမ်းခြောက်မေးမြန်းတယ်။ ညှင်းပန်းနှိပ်စက်မှုဖြစ်တယ် အဲ့ဒါတွေ ကိုကျတော့ အုပ်ချုပ်တဲ့အစိုးရက အင်မတန်မှ ယုတ်ညံ့တဲ့အစိုးရပဲ ကောင်းမွန်တဲ့အစိုးရမဟုတ်ဘူး အဲ့လိုပဲ ပြောဆိုချင်တယ်။”
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အစရှိသည့် မြို့နယ်များက စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး ကျော်ခန့်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံ ၄၀ ခန့်အား စစ်တပ်က ဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။