ပျူစောထီးအဖွဲ့ဝင် ဆိုသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် ဆိုသူ တစ်ဦး တနင်္ဂနွေနေ့ ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ရွာသားများက ပြောသည်။
စစ်တပ်က လက်နက် တပ်ဆင်ပေးထားသည် ဆိုသော ညင်းမော်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် အသက် ၄၀ ကျော်အရွယ် ကိုကျော်စိုးကို ၎င်း၏ အမျိုးသမီးနှင့် အတူ နေအိမ်တွင် ရှိနေစဉ် လူတစ်စုက လာရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
“သေနတ်သံတွေက ၁၀ ချက်မကဘူး ကြားနေရတာ။ သူက အိမ်ထဲကနေ အရင် စပစ်သေးတာလို့လည်း ပြော သံကြားရတယ်။ မျက်နှာမှာ ဒဏ်ရာတွေက မနည်းဘူး နောက်စေ့လည်း ပွင့်သွားတယ်” ဟု အသက် ၅၀ ခန့်
အရွယ် ရွာသားတစ်ဦးက ပြောသည်။
ပျူစောထီးအဖွဲ့ဝင် ကိုကျော်စိုး ကို Dawei Defense Team -DDT (တပ်ခွဲ-၃) နှင့် Launglone People Defence Force – LLPDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT က ဇူလိုင် ၁၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အတွင်း ကိုကျော်စိုးသည် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး တစ်ဦးဖြစ်ပြီး ခါးကြားသေနတ်ထိုးကာ သွားလာလေ့ရှိသူတဦးဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၎င်းသည် ကျေးရွာအတွင်းရှိ CDM ဝန်ထမ်းများနှင့် ဆန္ဒပြလူငယ်များအား စစ်ကောင်စီက ဖမ်းဆီးနိုင် ရန် အတွက် နေအိမ်များကို ကိုယ်တိုင်လိုက်လံ ပြသပေးသူတစ်ဦး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရ ခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။
သေဆုံးသူ ကိုကျော်စိုး သည် ၎င်းပိုင်ဆိုင်သည့် ကားတစ်စီးဖြင့် ဓနိဖက် အရောင်းအဝယ် ပြုလုပ်နေသူဖြစ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
စစ်ကောင်စီက ကျေးရွာအတွင်းရှိ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များအား လက်နက် တပ်ဆင်ပေးပြီးသည့် နောက်ပိုင်း ဦးကျော်စိုးတွင် သေနတ်အတို တစ်လက်ရှိနေသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။