ပုသိမ်ရှိ အုပ်ချုပ်ရေး အဖွဲ့ ပြည်သူများအား ငွေတောင်း၊ ခြိမ်းခြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့က အကြပ်ကိုင် ငွေတောင်းခြင်း၊ ခြိမ်းခြောက်နေခြင်းများကြောင့် ဧရာဝ တီတိုင်း၊ ပုသိမ်မြို့အတွင်းရှိ ပြည်သူများ အခက်အခဲများနှင့် ကြုံနေရသည်ဟု ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၁၂ ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် ၎င်း၏ဇနီး၊ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးမြတ်မင်း၊ ဦးအရှည်ကြီး နှင့် ဦးသိန်းအောင် တို့က အကြောင်း အမျိုးမျိုးပြကာ ပြည်သူများထံမှ အကြပ်ကိုင် ငွေတောင်းနေခြင်း ဖြစ်သည်ဟု ယင်းရပ်ကွက် အတွင်းနေထိုင်သူများက ပြောသည်။

“ဆက်ကြေးတောင်းသလိုမျိုး တောင်းနေတာ။ ရပ်ကွက်ထဲမှာ တစ်နေ့လုပ် တစ်နေ့စားတွေများတယ်။ ပေးစရာ လည်း ငွေမရှိ ပြေးစရာလည်း မြေမရှိ ဖြစ်နေတာ။ မရှိသေးလို့ တောင်းပန်တာ မရဘူး။ အာဏာဖီဆန်တာ လား ကြိမ်းနေလို့ ရှာကြံပေး နေရတယ်” ဟု အမှတ် ၁၂ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

မြို့နယ်သာယာရေး လုပ်အားပေးခအတွက် တစ်လလျှင် ၁၂၀၀၀ ကျပ်၊ ရပ်ကွက် သန့်ရှင်းရေး အတွက် ခြံတစ်ခြံ ၃၀၀၀၀ ကျပ်၊ ခြံမြေ ပိုင်ဆိုင်ကြောင်း ထပ်ဆင့်ထောက်ခံစာ ၃၀၀၀၀ ကျပ်၊ ဧည့်စာရင်း ထောက်ခံစာ တစ်ပါတ် လျှင် တစ်ဦး ၁၀၀၀ ကျပ်၊ ခရီးသွားလာရန် နှင့် ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံစာအတွက် ၃၀၀၀ ကျပ် စသည်တို့ကို မပေးပါက စစ်တပ်နှင့် ရဲတို့အား တိုင်ကြားပြီး ဖမ်းမည်ဟုဆိုကာ အကြပ်ကိုင်တောင်းနေခြင်း ဖြစ်သည်ဟုသိရသည်။

အမှတ် ၁၂ ရပ်ကွက်အတွင်း အုတ်ဖုတ်လုပ်ငန်း နှင့် ကျပန်းလုပ်ငန်းများကို လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ် သား အများစုသာ နေထိုင်ကြသည်ဟု ဆိုသည်။

ယခင်က အဆိုပါ ရပ်ကွက်အတွင်း ပြောင်းရွှေ့လာချိန်တွင် တစ်ကြိမ်သာ ရာအိမ်မှူးထံမှ တဆင့် ရပ်ကွက် အုပ် ချုပ်ရေးအဖွဲ့ကို အကြောင်းကြားရပြီး ထိုအချိန်က ငွေကြေးပေးဆောင်ရခြင်း မရှိပဲ အခမဲ့သာ ဖြစ်သည်။

သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအချိန်တွင် တစ်ဦးလျှင် ၁၀၀၀ ကျပ် ဖြင့် တစ်ပတ် လျှင် တစ်ကြိမ် ဧည့်စာရင်းတိုင်၍ နေထိုင်ကြရသည်ဟု အမှတ် ၁၂ ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် အမှတ် ၁၂ ရပ်ကွက် အတွင်းရှိ ရေကြည်ဦးကွက်သစ် ရေကြီး ရေလျှံမှု မဖြစ်စေရန်အတွက် ဖို့ထား သည့် ရေတား တာတမံတွင် စိုက်ထားသည့် မြေထိန်း သစ်ပင်ကြီး အပင် ၂၀၀ ကျော်ကိုလည်း အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က ခုတ်လှဲ၍ ကိုယ်ကျိုး စီးပွားအတွက် ရောင်းချခဲ့သည်ဟု ရပ်ကွက်သူ/သား များက ပြောသည်။

ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်သည် ပြည်သူများအပေါ် ငွေ ကြေးတောင်းခံနေခြင်းနှင့် နိုင်ထက်စီးနင် လုပ်ဆောင်နေမှုများကြောင့် ပုသိမ် PDF အဖွဲ့၏ သတိပေးခြင်း ကို လည်း ခံထားရသူ ဖြစ်သည်။

“NLD အစိုးရလက်ထက်က အုပ်ကြီးက သက်တမ်းကုန်လို့ နုတ်ထွက်သွားတော့ စစ်တပ်က သူ့ကို အုပ်ကြီးခန့် လိုက်တာမှာ သူက ရပ်ကွက်ထဲ အာဏာပြ အနိုင်ကျင့်လွန်းလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ တုံးက PDF တွေက သတိ ပေးစာ ပို့တာခံရဘူးတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့ကပြောသည်။

ပုသိမ်မြို့ တောင်ဘက်ရှိ အစွန်ဆုံးကျသည့် ရပ်ကွက် တစ်ခုဖြစ်သည့် အမှတ် ၁၂ ရပ်ကွက်တွင် အိမ်ခြေ ၁၅၀၀ ကျော် ရှိသည့် ရပ်ကွက်ဖြစ်သည်။

ထိုရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်သည် ၂၀၁၂ ခုနှစ် မတိုင်က ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖြိုးဖွံ့ရေးပါတီ၏ ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် NLD ပါတီဝင် ဖြစ်လာကာ အမှတ် ၁၂ ရပ် ကွက် ကြက်ခတ်ကုန်းတွင် ရာအိမ်မှူး ဖြစ်လာခဲ့သူ ဖြစ်သည်။

ထို့နောက် ဦးဝင်အောင် သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။